Monday, September 28, 2009

ရွှေဝါရောင် နှစ်ပတ်လည်နေ့ ဆန္ဒပြပွဲ နယူးဒေလီတွင် ကျင်းပ







မြင့်မောင်
တနင်္ဂနွေနေ့၊ စက်တင်ဘာလ 27 ရက် 2009 ခုနှစ် 13 နာရီ 22 မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ ရွှေဝါရောင် တော်လှန်ရေး ၂ နှစ်ပြည့် ဆန္ဒပြပွဲ တရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့လယ်ရှိ ဂျန်တားမန်းတား အရပ်၌ မြန်မာ အင်အားစုများက ယမန်နေ့တွင် ကျင်းပခဲ့သည်။

မေတ္တာပို့ ချီတက် ဆန္ဒပြသည်ကို စစ်အာဏာပိုင်များက ပစ်ခတ်နှိမ်နင်းသဖြင့် သံဃာနှင့် ပြည်သူအချို့ သွေးမြေကျ ပျံလွန်တော်မူ၊ သေဆုံးခဲ့ရသည့် ၂ နှစ်မြောက်နေ့တွင် အိန္ဒိယရောက် မြန်မာသံဃာတော်များ၊ ဒီမိုကရေစီရေး လှုပ်ရှားသူများ ဦးရေ ၁၀၀ ကျော်က စုပေါင်း ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

“လောင်စာဆီနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လို့ လူထုရဲ့ အထွေထွေ အကျပ်အတည်းကို သံဃာတွေ ဦးဆောင်ပြီး ငြိမ်းချမ်းစွာ ဆုတောင်းမေတ္တာပို့ ဆန္ဒပြခဲ့တာကို စစ်အစိုးရက ရက်ရက်စက်စက် အကြမ်းဖက် ဖြေရှင်းခဲ့တယ်။ မတရားတဲ့ လုပ်ရပ်ဆိုတာ သံဃာတွေဟာ ပြည်သူလူထုကိုယ်စား မီးမောင်းထိုးပြလိုက်တာပါ။ ဒီနေ့မှာ ကျောင်းသားလူငယ်တွေ၊ ရဟန်းသံဃာတွေကို ရက်ရက်စက်စက် နှိမ်နှင်းသတ်ဖြတ်ခဲ့တယ်" ဟု အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ (အိန္ဒိယ) ဥက္ကဋ္ဌ ဆရာတော် ဦးပညာဇောတက ဆန္ဒပြပွဲတွင် မိန့်တော်မူသည်။

၂၀၀၇ စက်တင်ဘာ ၅ ရက်နေ့တွင် မကွေးတိုင်း ပခုက္ကူမြို့မှ သံဃာအပါး ရာပေါင်းများစွာက မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြသည်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့ရာ၊ သံဃာ ၃ ပါးကိုလည်း ဓာတ်တိုင်၌ တုပ်နှောင်၍ ရိုက်နှက် ကန်ကျောက်ခဲ့သဖြင့် ရဟန်းရှင်လူ ပြည်သူများ ဒေါသထွက်ခဲ့ရာမှ မြန်မာပြည် မြို့နယ် အများအပြားတွင် သံဃာလူထု ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့သည်။

မြို့တော်ဟောင်း ရန်ကုန်၌ ပြုလုပ်သည့် သံဃာ-လူထု ဆန္ဒပြပွဲများကို အာဏာပိုင်များက စက်တင်ဘာလ ၂၆-၂၇ ရက်နေ့များတွင် ပစ်ခတ်ဖြိုခွဲခဲ့သည်။ ထိုဖြစ်ရပ်တွင် သံဃာ-လူထု အနည်းဆုံး ၃၀ ကျော် သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂက ဆိုသော်လည်း၊ မြန်မာ အတိုက်အခံများဘက်က အနည်းဆုံး ၂၀၀ ခန့် ဖြစ်သည်ဟု ခန့်မှန်းပြောဆိုသည်။

ရွှေဝါရောင် လှုပ်ရှားမှုအပြီး စစ်အာဏာပိုင်များက ဘုန်းကြီးကျောင်းများအတွင်း အကြမ်းဖက် ဝင်ရောက်စီးနင်းရာ သံဃာနှင့် သီလရှင် စုစုပေါင်း ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။

ရွှေဝါရောင် နှစ်ပတ်လည်နေ့ မတိုင်ခင် ယခုလအတွင်း မြို့နယ်အချို့မှ သံဃာအပါး ၂၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရသလို၊ ဘုန်းကြီးကျောင်းများနှင့် သံဃာတော်များ၏ လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်ခြင်း၊ တယ်လီဖုန်းလိုင်းများ ကြားဖြတ်နားထောင်ခြင်းတို့ ပြုလုပ်နေကြောင်း သတင်းများက ဆိုသည်။

''ရဟန်းသံဃာတော်တွေကို ဝါတွင်းတောင် မရှောင်ဘဲ ဖမ်းဆီးမှုတွေ ဆက်ရှိနေတယ်။ အဖမ်းခံထားရတဲ့ သံဃာတွေကိုလည်း စစ်ကြောရေးစခန်း မရောက်ခင် လူဝတ်လဲခိုင်းတာတွေ ရှိတယ်” ဟု ဆရာတော် ဦးပညာဇောတ က မိန့်ဆိုသည်။

၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုအတွင်း အဖမ်းခံရသည့် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရ အပါအဝင် အကျဉ်းကျ သံဃာများကို ပြန်လွှတ်ပေးရန်နှင့် မေတ္တာပို့ လမ်းလျှောက်ဆန္ဒပြခဲ့သော သံဃာတော်များအပေါ် ပြုမူခဲ့သည့် အပြစ်များကို လာမည့်လ ၂ ရက်နေ့ နောက်ဆုံးထား၍ ဝန်ချတောင်းပန်ရန် ပြည်တွင်းပြည်ပရှိ သံဃာအဖွဲ့များက စစ်အစိုးရကို တောင်းဆိုထားသည်။ လိုက်လျောမှု မရှိပါက ၃ ရက်နေ့မှ စတင်၍ ပတ္တနိကုဇ္ဇနကံဆောင်သပိတ် လှုပ်ရှားမှုများ ထပ်မံဆင်နွှဲမည်ဟု ဆိုကြသည်။