Irrawaddy
ကိုသက် | ဇန်နဝါရီ ၁၅၊ ၂၀၀၈
ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာခေါင်းဆောင်များအား မြန်မာ့အရေးကို ဝိုင်းဝန်းကူညီကြရန် မကွေးတိုင်း ကျောက်ပန်းတောင်းမြို့ရှိ သံဃာ့သမဂ္ဂီတပ်ပေါင်းစုက ပန်ကြားလွှာတစောင် ထုတ်ပြန်လိုက်သည်။
အဆိုပါပန်ကြားလွှာကို ကျောက်ပန်းတောင်း သံဃာ့သမဂ္ဂီတပ်ပေါင်းစုက ယခုလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားပြီး သာသနာတော်ကို စောင့်ရှောက်နေကြသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအား ဖမ်းဆီး နှိပ်စက်ခြင်း၊ ရဲဘက်စခန်းများသို့ပို့ခြင်း အတင်းအဓမ္မလူဝတ်လဲခြင်း၊ စာသင်တိုက်များကို ချိတ်ပိတ်ခြင်း၊ တရားပွဲများကို ပိတ်ပင်ခြင်းနှင့် တရားခွေများ ဖြန့်ဝေခွင့်ပိတ်ပင်ခြင်း အစရှိသည့် စစ်အစိုးရ၏လုပ်ရပ်များသည် ဗုဒ္ဓသာသနာကို ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ၎င်းတို့ကယုံကြည်ကြောင်း ရေးသားထားသည်။
အဆိုပါပန်ကြားလွှာကို ကျောက်ပန်းတောင်းမြို့ပေါ်စာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်းများရှိ သံဃာများ ညှိနှိုင်းကာ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ကျောက်ပန်းတောင်း သံဃာ့သမဂ္ဂီတပ်ပေါင်းစု၏ သံဃာတပါးက ဧရာဝတီကို ပြောသည်။
“အခြေအနေက ဘာမှလုပ်လို့မရသေးပေမယ့် တခုခုလုပ်ချင်တဲ့ သံဃာတွေရှိနေတယ်။ စိတ်ဆန္ဒတွေ ရှိနေသေးတယ်ဆိုတာ ပြချင်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံခေါင်းဆောင်တွေကို စာထုတ်တောင်းဆိုထားတာ။ လောလောဆယ်တော့ သံဃာတွေအားလုံးက အခြေအနေကိုစောင့်ကြည့်နေကြတယ်” ဟု ကျောက်ပန်းတောင်း သံဃာ့သမဂ္ဂီတပ်ပေါင်းစု၏ သံဃာက ပြောသည်။
ကျောက်ပန်းတောင်းရှိ သံဃာများသည် နအဖ စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်အစိုးရအား ပတ္တနိက္ကုဇ္ဇနကံ ဆောင်ခဲ့ကြပြီး ယခုအချိန်အထိ ကံဆောင်ထားဆဲဖြစ်သည်ဟုလည်း ကျောက်ပန်းတောင်း သံဃာ့သမဂ္ဂီ တပ်ပေါင်းစု သံဃာက ပြောသည်။
စက်တင်ဘာလ ၅ ရက်နေ့က မကွေးတိုင်း ပခုက္ကူမြို့ရှိ သံဃာအပါး ၅၀၀ ခန့် မေတ္တာပို့လမ်းလျှောက်ရာ အာဏာပိုင်တို့က အကြမ်းဖက်ဖြိုခွဲသောကြောင့် ယင်းလ ၁၈ ရက်နေ့တွင် နိုင်ငံအဝန်းရှိ သံဃာတော်များက စစ်အစိုးရအား ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ခဲ့ကြသည်။
ကျောက်ပန်းတောင်းမြို့တွင် စစ်အစိုးရကပြုလုပ်ပေးသည့် သံဃာစာမေးပွဲကို ယခုနှစ်ဝင်ရောက်ဖြေဆိုမည့် သံဃာဦးရေလည်း ထက်ဝက်ကျော် လျော့ကျသွားကြောင်း စုံစမ်းသိရှိရသည်။