မဇ္ဈိမသတင်းဌာန
Thursday, 22 November 2007 15:32 - မြန်မာစံတော်ချိန်
တန်ဆောင်မုန်းလအတွင်း ပြုလုပ်လေ့ရှိသော ဘာသာရေး အခမ်းအနား တခုဖြစ်သည့် ကထိန်ပွဲများကို မြို့နယ်အချို့တွင် အနှောင့်အယှက်ကင်းစွာ ကျင်းပနိုင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
စက်တင်ဘာလအတွင်းက သံဃာထု ဦးဆောင်သည့် ရွှေဝါရောင် လှုပ်ရှားမှုအပြီး မြို့နယ် အများအပြားရှိ ဘုန်းကြီးကျောင်း တိုက်များတွင် အာဏာပိုင်များမှ ဝင်ရောက်စီးနင်းခြင်း၊ သံဃာများကို ဖမ်းဆီးခြင်း၊ လုံခြုံရေး တင်းကျပ်ခြင်းနှင့် စာသင်တိုက်များရှိ စာသင်သား ရဟန်းပျိုများကို နေရပ်ရင်းသို့ ပြန်လည် ကြွချီခိုင်းခြင်းများ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သော်လည်း ယခုလအတွင်း ကျင်းပလေ့ရှိသည့် တန်ဆောင်မုန်းလ ကထိန်ပွဲများကိုမူ မြို့နယ်အချို့တွင် အနှောင့်အယှက် ကင်းစွာ ကျင်းပနိုင်ခဲ့သည်ဟု သိရသည်။
“လောလောဆယ် ကထိန်ကတော့ အဆင်ပြေသွားပါပြီ။ လုံခြုံရေး တင်းကျပ်တာကတော့ သိပ်မရှိပါဘူး။ ရှင်ပြု ရဟန်းခံကတော့ ရာသီချိန် မဟုတ်တဲ့အတွက်ကြောင့် မရှိပါဘူး” ဟု ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်ရှိ ရန်ကုန်ကျောင်းတိုက်မှ သံဃာတော်တပါးက မိန့်ဆိုသည်။
“ဒီမှာတော့ ဘာမှ (လုံခြုံရေး) မရှိပါဘူး။ ကတိန်တွေဘာတွေကတော့ ပြီးသွားပါပြီ။ ... ရဟန်းဝတ်ခွင့်ကတော့ ပိတ်တာ ဒီမှာ မရှိပါဘူး” ဟု ရန်ကုန်ရှိ မင်္ဂလာ သိပ္ပံကျောင်းတိုက်မှ ဆရာတော်တပါးက မိန့်ကြားသည်။
မကွေးတိုင်း ပခုက္ကူမြို့ရှိ စာသင်တိုက်ကြီး ၄ ခုအနက် အရှေ့တိုက်တွင် မြို့မဈေး ဈေးသူဈေးသားများ၏ ကောင်းမှုဖြင့် စုပေါင်းဘုံကထိန်၊ ဗောဓိမဏ္ဍိုင်ကျောင်းတွင် အငြိမ်းစား ကျောင်းအုပ်ဆရာ တဦး၏ ကထိန်ပွဲတို့ ကျင်းပ ပြီးစီးခဲ့ကြောင်းနှင့် အလယ်တိုက်တွင် ဆရာဝန်တဦး၏ ကောင်းမှုဖြင့် မကြာမီ ကထိန်ပွဲ ပြုလုပ်မည်ဖြစ်ကာ အနောက်တိုက်တွင်လည်း ကုန်သည် ပွဲစားကြီးများအသင်းမှ စုပေါင်း ဘုံကထိန်ကျင်းပရန် လျာထားရာတွင် ယခုထိ အနှောင့်အယှက် ကင်းစင်ကြောင်း သိရသည်။
“ပခုက္ကူမှာတော့ အလှူအတန်း ပိတ်ပင်တာကတော့ မရှိသေးပါဘူး။ ဖုန်းတွေက ပျက်လိုက် ကောင်းလိုက်ပါပဲ။ တခြားတော့ မထူးသေးပါဘူး” ဟု စာသင်ကျောင်းတိုက် တခုမှ ကျောင်းထိုင် ဆရာတော်တပါးက မိန့်ဆိုသည်။
သို့သော်လည်း ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်တွင် ပြုလုပ်ခဲ့သည့် သံဃာလှုပ်ရှားမှုတွင် ခေါင်းဆောင်ဟု ယူဆသော အလယ်တိုက်မှ ဦးဇင်းတပါးကို ပခုက္ကူတွင် နေထိုင်ခွင့် မရှိဘဲ နေရပ်ဒေသသို့ ဒေသ အာဏာပိုင်များမှ မကြာသေးခင်က အတင်းအကျပ် ပြန်ကြွခိုင်းကြောင်းနှင့် မိုးကုတ်မှ ပခုက္ကူသို့ လာရောက်ကာ စာဝါလိုက်နေသော သံဃာတပါးကိုလည်း ဆန္ဒပြပွဲများတွင် ပါဝင်ခြင်း မရှိရဟူသည့် ခံဝန်ချက်ကို လက်မှတ် ထိုးခိုင်းခဲ့ကြောင်း သိရသည်။
အလားတူပင် မကွေးတိုင်း ချောက်မြို့တွင် ကထိန်ပွဲများကို အနှောင့်အယှက်မရှိ ကျင်းပနိုင်ကြသော်လည်း အာဏာပိုင်များသည် ကျောင်းတိုက်များအကြား လှူဖွယ်ဝတ္ထုများ ကပ်လှူကာ သံဃာတော်များကို လိုက်လံ စည်းရုံးနေသည်ဟု သိရသည်။
“ဘုန်းကြီးကျောင်းတွေမှာ ပတ္တနိကုဇ္ဇန ကံဆောင်တာကတမျိုး၊ တချို့ဘုန်းကြီးတွေကလည်း အာဏာပိုင်တွေနဲ့ ရင်နှီးကျွမ်းဝင် နေတာကတမျိုး၊ ဆိုတော့ အုပ်စု နဲနဲကွဲတာပေါ့။ သံဃာတွေက များသောအားဖြင့် ညီညွတ်ပါတယ်။ သို့ပေမယ့်လည်း တဘက်ကလည်း ညီညွတ်နေတဲ့အထဲ စည်းရုံးရေးတွေ ရှိတာပေါ့” ဟု ချောက်မြို့ ကျောင်းတိုက်တခုမှ ဦးဇင်းတပါးက မိန့်ကြားသည်။
အဆိုပါ ဦးဇင်းက ဆက်လက်၍ “လာဘ်လာဘနဲ့ စည်းရုံးတာ၊ ဘွဲ့တံဆိပ်နဲ့ စည်းရုံးတာ၊ ဒီလိုစည်းရုံးမူတွေ အမျိုးမျိုးပေါ့လေ။ ရဟန်းသံဃာတွေက များသောအားဖြင့် ပုထုဇဉ်တွေဆိုတော့ လာဘ်လာဘတွေကို မရှောင်ကွင်းနိုင်တဲ့ ကိုယ်တော်တွေ၊ ရှိတဲ့ကိုယ်တော်တွေ ရှိတာပေါ့။ များသောအားဖြင့် ရှောင်ကွန်းတာ များပါတယ်။ သံဃာကံနဲ့ ပတ်သက်ရင် အများဆန္ဒနဲ့ လိုက်လျောညီထွေစွာ နေကြထိုင်ကြတာ များပါတယ်” ဟု မိန့်ဆိုသည်။