Irrawaddy
ကိုသက် | နိုဝင်ဘာ ၁၉၊ ၂၀၀၇
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက နအဖ စစ်အစိုးရအား ၀ိနည်းတော်နှင့်အညီ ပတ္တနိက္ကုဇ္ဇန ကံဆောင် ခြင်းကို ဆက်လက်လုပ်ဆောင်နေကြောင်း ကြေညာလိုက်သည်။
ယမန်နေ့ကထုတ်ပြန်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ သပိတ်မှောက်ကံဆောင်ခြင်း ၂ လပြည့် ထုတ်ပြန်ကြေညာချက်တွင် သပိတ်မှောက် ကံဆောင်နေဆဲဖြစ်ကြောင်းကို ကြေညာလိုက်ခြင်းဖြစ်ပြီး သာသနာနှင့် ပြည်သူ များ၏ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်သည့်နည်းဖြင့် မေတ္တာပို့ ပရိတ်ရွတ်ပွဲများကို ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ကိုလည်း ကြေညာထားသည်။
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက နိုင်ငံတကာသို့ရောက်ရှိနေသည့် မြန်မာရဟန်းတော်များဖြင့်ဖွဲ့စည်းထားသည့် သံဃာ့ ဥသျှောင်အဖွဲ့ကိုလည်း ကြိုဆိုထောက်ခံလိုက်သည်။
သံဃာတပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်သံဃာတပါးဖြစ်သည့် ဦးပညာဇောတက “နိုင်ငံတကာက ဒီမိုကရေစီ အင်အားစု တွေနဲ့ သံဃာ့ဥသျှောင်အဖွဲ့အနေနဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအစိုးရတွေကို မြန်မာပြည် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ရောက်လာအောင် တိကျခိုင်မာပြီး လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှု တွေ အမြန်ဆုံး အကောင် အထည်ပေါ်လာအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်” ဟု ဧရာဝတီကို မိန့်ကြားသည်။
အာဏာပိုင်တို့က လိုက်လံဖမ်းဆီးမှုများကြောင့် ဒေသအသီးသီးတွင်ရှောင်တိမ်းနေရသည့် သံဃာများအနေဖြင့် မိမိတို့ ရောက်ရှိရာဒေသရှိ အများအကျိုးဆောင်ရွက်လိုကြသည့် လူငယ်များအားစုစည်းကာ အကြောက်တရားများ ကိန်းအောင်း နေသည့် ပြည်သူများ နိုင်ငံရေးစိတ်ဓာတ်များနိုးကြားလာရန်နှင့် စက်တင်ဘာလှုပ်ရှားမှုမျိုး နောက်တကြိမ်ပေါ်ပေါက်ရန် အတွက် စည်းရုံးမှုများလိုအပ်သည်ဟုလည်း ဦးပညာဇောတက ပြောသည်။
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ထုတ်ပြန်ကြေညာချက်တွင် “အချို့သောကျောင်းတိုက်ရှိ ဆရာတော်များသည် နအဖ စစ်အစိုးရ၏ ဖိအားပေးအကျပ်ကိုင် ခြိမ်းခြောက်ခံရမှုများကြောင့် ကထိန်ပွဲနှင့် သာရေးနာရေး ကိစ္စရပ်များကို ၀ိနည်းတော် နှင့်မညီသော်လည်း မတတ်သာ၍ လက်ခံနေကြရပါသည်” ဟု ဖော်ပြထားသည်။
စက်တင်ဘာလဆန်းပိုင်းက ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်ခဲ့ကြသည့် ပခုက္ကူမြို့မှ သံဃာများကို အာဏာပိုင်တို့က အကြမ်းဖက်ရိုက်နှက်သောကြောင့် ၎င်းလုပ်ရပ်အား စက်တင်ဘာ ၁၈ ရက်နေ့ နောက်ဆုံး ထားပြီး တရားဝင် ၀န်ချ တောင်းပန်ရန် သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက စစ်အစိုးရအား ရာဇသံပေးခဲ့သည်။
သံဃာတော်များ၏တောင်းဆိုချက်ကို စစ်အစိုးရက လျစ်လျူရှုခဲ့သောကြောင့် မြန်မာနိုင်ငံတ၀န်း ပတ္တနိက္ကုဇ္ဇန ကံဆောင် ပွဲများ ပေါ်ပေါက်ခဲ့သည်။ ၎င်းကံဆောင်ပွဲများမှတဆင့် ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်သည့် ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့ရာ စစ်အစိုးရက ထပ်မံအကြမ်းဖက် ဖြိုခွင်းခဲ့သည်။
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ထုတ်ပြန်ကြေညာချက်တွင် စစ်အစိုးရက ရဟန်းရှင်လူများအား ဆက်လက်ဖမ်းဆီး နေခြင်း၊ သံဃာတော်များကို တရားခံများဖြစ်စေရန် သက်သေခံအတုများဖြင့် မတရားစွပ်စွဲပြောဆိုခြင်းနှင့် သာသနာပိုင်မြေများတွင် စစ်တပ်စွဲခြင်းတို့အား ကန့်ကွက်ရှုတ်ချလိုက်သည်။