Irrawaddy
အရှင်ရတန | ဒီဇင်ဘာ ၇၊ ၂၀၀၇
မြန်မာနိုင်ငံ၌ မကြာမီက ဖြစ်ပေါ်ခဲ့သော သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးကြီးသည် သမိုင်းတွင် ရမည့် ထူးခြားသောဖြစ်စဉ်ကြီး တခုဖြစ်သည်။ ဤရွှေဝါရောင် တော်လှန်ရေးသည် မြန်မာနိုင်ငံ၌ သံဃာတော်များ၏ အခန်း ကဏ္ဍမည်မျှ အရေးပါကြောင်း ကမ္ဘာကြီးတခုလုံးကို မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ် သည်။
မြန်မာနိုင်ငံ ဗုဒ္ဓဘာသာသမိုင်း တလျှောက်လုံးကို ပြန်လှန်လေ့လာကြည့်ပါက ရဟန်းသံဃာတို့သည် ရှင်ဘုရင်နှင့် နန်းတွင်းသူ နန်းတွင်းသားများအပါအ၀င် မြန်မာ့လူ့အဖွဲ့အစည်းတခုလုံးအပေါ်၌ သြဇာအလွန်ညောင်းခဲ့ကြ သည်ကို တွေ့ရ၏။ ပဒေသရာဇ်ခေတ်၌ မင်းညီမင်းသားတို့သည် ရဟန်းသံဃာ ဘုန်းတော်ကြီးများထံမှ အသိ ပညာ အတတ်ပညာ တို့ကို ရယူခဲ့ကြပြီး ထိုပညာဖြင့်ပင် တိုင်းရေးပြည်ရာတို့ကိုအုပ်ချုပ်စီမံခဲ့ကြကြောင်း သမိုင်း စာမျက်နှာများတွင် တွေ့မြင်ကြ ရမည်ဖြစ်၏။
မင်းတုန်းမင်းကြီး ဘုန်းကြီးကျောင်းသားဘ၀ ပညာသင်ကြားနေစဉ် ကာလအတွင်း ငါးခြောက်ခိုးစားသည်ကို ဆရာ ဘုန်းကြီးက တွေ့သွားသဖြင့် တနေ့ထီးနန်း အရိုက်အရာခံ၍ တိုင်းပြည်အုပ်ချုပ်မင်းလုပ်မည့်သူက ဤကဲ့သို့ အကျင့်ပျက် ခိုးစားရကောင်းလားဟုဆိုကာ မင်းသားကိုတိုင်ဖက်စေ၍ မှတ်လောက်သားလောက်အောင်ရိုက်နှက် ဆုံးမခဲ့ဖူးသည်ဟု စာသင်ခန်း၌ ဆရာပြောသဖြင့် မှတ်သားခဲ့ရ၏။ ထို့အပြင် ရဟန်းသံဃာတို့သည် မြန်မာ့လူ့အဖွဲ့ အစည်း အပေါ် မည်မျှသြဇာ အရှိန်အ၀ါ ကြီးမားခဲ့ကြောင်း အခြားထူးခြားဖြစ်စဉ်များကိုလည်း များစွာတွေ့ခဲ့ရဖူးပါ ၏။ ယနေ့အချိန်၌ပင်လျှင် ကျေးလက် တောရွာတချို့တွင် ဘုန်းကြီးပြောလျှင် မီးသေတုန်းရှိ၏။
မကြာတော့သောကာလတွင် ဤအစဉ်အလာသည် ပျောက်ကွယ်တော့မည့်အခြေ ဆိုက်ရောက်တော့မည်။ ယခုပင် အစပိုင်းကို တွေ့မြင်နေရပြီဖြစ်သည်။
အထက်တွင် ဆိုခဲ့သည့်အတိုင်း ရဟန်းသံဃာတို့သည် မြန်မာ့လူ့အဖွဲ့အစည်းနှင့် မြန်မာတို့၏ နေ့စဉ်လူနေမှုဘ၀၌ သြဇာ သက်ရောက်မှု အလွန်တရာကြီးမားသောကြောင့် စက်တင်ဘာလ သံဃာတော်များ ဦးဆောင်သော ရွှေဝါရောင်တော်လှန် ရေးမှ အစပြုသည့် လူထုအုံကြွမှုကြီးသည် မြန်မာစစ်ဗိုလ်ချုပ်ကြီးများကို အသိတရား ဖြစ်ပေါ်လာစေပြီး တိုင်းပြည်အတွင်း အမှောင်ဖုံးလွှမ်းသော နိုင်ငံရေးစနစ်တခုမှ အလင်းများကိုပေးဆောင်မည့် နိုင်ငံရေးစနစ်သစ်တခုသို့ တွန်းပို့ပေးနိုင်လိမ့် မည်ဟု လူတိုင်းကမျှော်လင့်ခဲ့ရသည်။
ဘုရားသားတော်ဟု လူ့အဖွဲ့အစည်းတခုလုံးက လက်ခံထားကြသော ရဟန်းသံဃာတော်များကို ဤကဲ့သို့ ရက်ရက် စက်စက် လူမဆန်စွာ လက်နက်ဖြင့်အကြမ်းဖက် အရေးယူနှိမ်နင်းလိမ့်မည်ဟု မည်သူမျှမျှော်လင့် မထားခဲ့ကြ။ သို့သော် အခြေ အနေကား ထင်သလိုဖြစ်မလာ။ ရဟန်းသံဃာတို့ကြောင့် ၎င်းတို့၏ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာကြီး လှုပ်ရှားရသည်ဟုဆိုကာ အာဏာရူးစစ်ဗိုလ်ချုပ်ကြီးများသည် ဘုရားသားတော်ဆိုသည်ကို အလေးမမူတော့ဘဲ သံဃာတော်များကို အငြိုးကြီးစွာ ပစ်ခတ် နှိမ်နင်းကြတော့၏။ ယခုအချိန်အထိ သံဃာတော် များကို အမဲလိုက်သလို လိုက်နေကြ၏။
မြန်မာနိုင်ငံတ၀န်းလုံးရှိ ၅ သိန်း ခန့် အရေအတွက်ရှိသော သံဃာထုတရပ်လုံးကို ကိုယ်စားပြုပါသည်ဆိုသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် စစ်သားများ၊ ရဲများနှင့် လုံထိန်းများက သံဃာတော်များအား အမဲလိုက်နေခြင်းကို ဟောလိဝုဒ် ရုပ်ရှင်ကားကြီး ထိုင်ကြည့်နေကြသည့်ပမာ ဘာမှပြောဆိုဟန့်တားခြင်းမပြုကြဘဲ တုဏှိဘာဝေ ဆိတ်ဆိတ်နေခြင်းဖြင့် ထောမနာပြုအားပေးနေကြ၏။ ဤတွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ အခန်းကဏ္ဍကို ဆန်းစစ်ကြည့်ရန် လိုအပ်လာတော့၏။
မြန်မာနိုင်ငံတွင် သုဓမ္မာဂိုဏ်း၊ ရွှေကျင်ဂိုဏ်း စသည်အားဖြင့် သံဃာ့ဂိုဏ်းကြီး ကိုးဂိုဏ်းရှိ၏။ ကိုးဂိုဏ်းစလုံး ၏အမည် များကို ဤနေရာ၌ မလိုအပ်၍ ထုတ်ပြောမနေတော့ပါ။
၁၉၈၀ ခုနှစ်၌ ယခုလက်ရှိ စစ်ဗိုလ်ချုပ်ကြီးများ၏ ဖခင်ကြီး တော်လှန်ရေးကောင်စီလက်ထက်တွင် သာသနာ သန့်ရှင်းရေး ပြုလုပ်၍ ဂိုဏ်းပေါင်းစုံ သံဃာ့ညီညွတ်မှု အထိမ်းအမှတ်အဖြစ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီး ပေါ်ပေါက်လာခဲ့၏။ ဂိုဏ်းပေါင်းစုံသံဃာ့ညီညွတ်မှုဟု အမည်ခံထားပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ ထိပ်ပိုင်း ဆရာတော်ကြီးတချို့ ကိုယ်တိုင် ဂိုဏ်းပေါင်းစုံ သံဃာ့ ညီညွတ်မှု၏ အနှစ်သာရကို ချိုးဖောက် နေကြ၏။
သာဓကတခုကို တင်ပြပါမည်။ စာရေးသူ ရန်ကုန်တွင် နေစဉ်ကဖြစ်၏။ ၁၉၉၃-၉၄ ၀န်းကျင်ကဖြစ်၏။ ကထိန် ကာလတွင် အထက်တန်းကျောင်းတကျောင်းမှ ပင့်သောကြောင့် ထိုကျောင်းသို့စာရေးသူလည်းကြွရ၏။ ဆွမ်းစား နေစဉ်အတွင်း ဆရာမ တယောက်က ဆရာတော်ကြီးကို လျှောက်သဖြင့် စာရေးသူကြားခဲ့ရခြင်းဖြစ်၏။ ထိုဆရာမ ၏ အပြောအရ ယခင်နှစ်များက သူတို့၏ကျောင်းကထိန်ပွဲသို့ ကမ္ဘာအေးမှ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများကို ပင့်လေ့ရှိသည်ဟုဆို၏။
ထိုစဉ်က ကမ္ဘာအေးမှဆရာတော်ကြီးများသည် ငါးပါးထဲ ကြွလာ သည်ဖြစ်ပါလျှက် တ၀ိုင်းတည်းအတူ ဆွမ်းမဘုန်းပေး ကြဘဲ ဂိုဏ်းမတူသောကြောင့် သံဃာငါးပါးကို ဆွမ်း ၂ ၀ိုင်းစာခွဲ၍ ပြင်ပေးခဲ့ရသည်ဆို၏။ ဤဖြစ်စဉ်ကိုကြည့်လျှင် သူတို့ ပြောနေသည့် ဂိုဏ်းပေါင်းစုံ သံဃာ့ညီညွတ်မှု ဆိုသည်မှာ အမည်ခံမျှသာဖြစ်ပြီး အနှစ်သာရကို သူတို့ထိပ်ပိုင်းခေါင်းဆောင် များကိုယ်တိုင် တန်ဖိုးမထား ဖြစ်နေကြခြင်း ပင် ဖြစ်၏။
မြန်မာနိုင်ငံ သာသနာသမိုင်းကို လေ့လာကြည့်လျှင် နိုင်ငံတော်သံဃမဟာနာယက မတိုင်မီကာလများက သာသနာ၌ ပြဿနာယခုလောက် များများစားစား ရှိခဲ့သည်ဟုမတွေ့မိမကြားမိပါ။ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ပေါ်လာပြီးမှ သာသနာ၌ ပြဿနာပေါင်းစုံ ပေါ်ပေါက်လာသည်ကိုတွေ့ရ၏။ ရဟန်းသံဃာအချင်းချင်း ကျောင်းလုသည့်အမှုသည် မကြားချင်ဆုံးသောအမှုဖြစ်၏။ ဤကဲ့သို့အမှုဖြစ်လာသည့်အခါ အနိုင်အရှုံးကို သံဃနာယကအဖွဲ့က အဆုံးအဖြတ်ပေးရ သည်ဖြစ်၍ အမှုသည်တို့က အမှုနိုင်ရန်အတွက် သံဃနာယကအဖွဲ့ကို အမျိုးမျိုးလာဘ်ထိုးကြ၏။
ကျောင်းအမှု ဖြစ်လာလျှင် “ဘုန်းကြီးအမှုရွာပတ်” ဆိုသလို သံဃနာယကအဖွဲ့အား လာဘ်ထိုးရန် ငွေကြေးများ ကို ဒါယကာများထံမှယူကြရသည်ဖြစ်ရာ ဒါယကာတို့ကလည်း “ငါတို့ဘုန်းကြီးနိုင် လျှင် ပြီးရော”ဆိုကာ ဘုန်းကြီး လိုသမျှငွေကို ထုတ်ပေးကြ၏။ မရှိရှိသည့်နည်းဖြင့် ရှာကြံစုဆောင်းကာ ဖန်တီး ပေးကြ၏။ ဒါယကာတို့သည်လည်း ငွေသောက်သောက်လဲ ကုန်ကြလေ၏။ သိန်းပေါင်းရာထောင်ချီ၍ ကုန်ကြ၏။ ဤငွေကြေးတို့သည်ကား သံဃနာယကအဖွဲ့ကို လာဘ်ထိုးရန် အတွက်ဖြစ်၏။ ယင်းသည် ကျောင်းလုသည့် အမှုကို နမူနာမျှ ဖော်ပြခြင်းဖြစ် ပါ၏။ ထို့အပြင် တခြားသောအမှုတို့လည်း များစွာရှိသေး၏။ အမှုနိုင်ရန်အတွက် သံဃနာယကအဖွဲ့ကို ထိုနည်းတူ ပင် လာဘ်ထိုးကြရ၏။
ယခု နအဖ အစိုးရလက်ထက်တွင် သံဃာ့အဖွဲ့အစည်းအတွင်း အကျင့်ပျက်ချစားမှု ပိုများလာ၏။ အကြောင်းမှာ နအဖ အစိုးရသည်နိုင်ငံရေးအမြတ်ထုတ်သည့်အနေဖြင့် သံဃာတော်များအား မဟုတ်ကဟုတ်က ဘွဲ့တံဆိပ်တွေ လုပ်ကြံပေးနေ သောကြောင့်ဖြစ်၏။ ဤအခါဘွဲ့တံဆိပ်လိုချင်ကြသောပုဂ္ဂိုလ်တို့သည် သံဃနာယကအဖွဲ့ကို လာဘ် ထိုးကြရပြန်၏။ အာဏာ ပိုင်တို့ကိုလာဘ်ထိုးကြရပြန်၏။ တချို့သော မဟာထေရ်ကြီးများသည် သံဃ မဟာနာယကအဖွဲ့၌ နေရာရလို၍ အာဏာပိုင် တို့ကို မျက်နှာချိုသွေးကာ အာဏာပိုင်များအကြိုက် လိုက်လုပ် ပေးကြ၏။
လွတ်လပ်ရေးနေ့တိုင်းတွင် ဘွဲ့တံဆိပ်ရဆရာတော်များ၏ အမည်စာရင်းကိုကြေညာလေ့ရှိရာ လာမည့် လွတ်လပ်ရေး နေ့၌ မည်သည့်သံဃာ့စွမ်းအားရှင်တို့က ဘွဲ့တံဆိပ်ရကြမည်ကို စောင့်ကြည့်ကြရမည်ဖြစ်၏။ သို့ဖြစ်ရာ မူလကသန့်ရှင်းစင်ကြယ် ခဲ့သော မြန်မာ့သံဃာ့အဖွဲ့အစည်းသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ပေါ်ပေါက်လာပြီးသည့်နောက်ပိုင်းတွင် ဆိုခဲ့ပါ အကျင့်ပျက်ချစားမှုများ သံဃာတော်များအတွင်း စိမ့်ဝင်ရောက်ရှိ လာလေတော့၏။
သံဃနာယကအဖွဲ့ ဆရာတော်အားလုံး အကျင့်ပျက်သည်ဟု မဆိုလိုပါ။ တချို့ သီလ၀န္တ၊ ပညာဝန္တ၊ ဂုဏ၀န္တ ဖြစ်ကြသော ဆရာတော်ကြီးတို့လည်း များစွာရှိကြပါသည်။ သို့ရာတွင် “ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်” ဟူသော ဆိုစကား အတိုင်း ငါးခုံးမတည်းဟူသော အကျင့်ပျက် အလဇ္ဇီတို့ တဦးမကရှိနေသော သံဃနာယကအဖွဲ့ သည် မည်ကဲ့သို့ ဂုဏ်သိက္ခာ ရှိသော အဖွဲ့အစည်းတခု ဖြစ်နိုင်ပါမည်နည်း။
၁၉၉၀ ခုနှစ် စစ်အစိုးရကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ကြသည့် ဆရာတော်သံဃာတော်များကို စစ်အစိုးရက မတရားဖမ်းဆီးထောင်ချမှုပြုခဲ့စဉ်က သံဃမဟာနာယကအဖွဲ့သည် ထိုဖမ်းဆီးခံ သံဃာတော်များကို ဘာမှကာကွယ် စောင့်ရှောက်ပေးခဲ့ခြင်း မရှိခဲ့ပါ။
ယခုစက်တင်ဘာ အရေးအခင်းဖြစ်တော့လည်း ၀ိနည်းသိက္ခာပုဒ်နှင့်အညီ သမဏသာရုပ္ပအပြည့်ဖြင့် မေတ္တာပို့ စီတန်းကြွချီ နေကြသော သံဃာတော်များကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းနေသည်ကို မြင်နေသိနေပါလျက် “မလုပ်ကြပါနှင့်”ဟု ပြောဆိုတားဆီးမှုပြုလုပ်ဖော်ပင် မရှိဖြစ်နေလေ၏။ ပို၍ဆိုးသည်မှာ မကြာခင်ကသင်္ကန်းကျွန်း မဂ္ဂင်ကျောင်းကို နိုင်ထက် စီးနင်း အဓမ္မချိပ်ပိတ်လိုက်သောကိစ္စတွင် ဓမ္မလမ်းကြောင်းဖြင့် တားဆီးပေးလျှင် ရနိုင်ပါလျက် ဘာမှတားဆီး ကာကွယ်မှု မပြုလုပ်ခြင်းပင်ဖြစ်၏။
သို့ဖြစ်၍ “ဘယ်မလဲ သံဃမဟာနာယက၊ သံဃမဟာနာယက ဘယ်လဲ” ဟု လူတိုင်း ရှင်တိုင်းက နေရာတိုင်း၌ မေးနေကြ ၏။ စာရေးသူ တဦးတည်း၏ အမြင်ကိုပြောရသော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် ယခုအခါ၌ ဆက်လက် တည်ရှိရန်ပင် မသင့်တော့ဟု ပြောချင်ပါ၏။