Tuesday, December 18, 2007

ဆရာတော်ကို ပြန်လွှတ်သော်လည်း ငွေကြာယံကို လုံခြုံရေး တင်းကျပ်ထား

Mizzima
ဖနိဒါ
Tuesday, 18 December 2007 22:01 - မြန်မာစံတော်ချိန်
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှ ငွေကြာယံကျောင်းတိုက် ဆရာတော် ဦးရေဝတအား စက်တင်ဘာ သံဃာလူထု လှုပ်ရှားမှုအတွင်း ဖမ်းဆီးခဲ့ရာမှ ယခုလ ၁၄ ရက်နေ့တွင် သံဃာ ၉၆ ပါးနှင့်အတူ အာဏာပိုင်များက ပြန်လွှတ်ပေးသော်လည်း ကျောင်းတိုက်ကိုမူ လုံခြုံရေးများ ချထားကြောင်း သိရသည်။

ဆရာတော် ဦးရေဝတနှင့်အတူ စက်တင်ဘာ လှုပ်ရှားမှုအတွင်း ဖမ်းဆီးခံရသူများထဲမှ သံဃာတော် ၉၆ ပါးကို အာဏာပိုင်များက ပြန်လွှတ်ခဲ့ရာတွင် ငွေကြာယံမှ သံဃာ ၅၁ ပါးကို ကျောင်းတိုက်၌ ပြန်လည် သီတင်းသုံးခွင့် ပေးခဲ့သော်လည်း ကျောင်းတိုက်သို့ ဖူးမြော်လာသူများကို စွမ်းအားရှင်နှင့် ကြံ့ဖွံ့များက တင်းကျပ်စွာ စစ်ဆေးပြီးမှသာ ကျောင်းတိုက်အတွင်းသို့ ဝင်ရောက်ခွင့်ပေးကြောင်း ဒေသခံများ ပြောဆိုသည်။

“လုံခြုံရေးကတော့ ကျောင်းထဲမှာ စွမ်းအားရှင်ရော၊ ကြံ့ဖွံ့တွေရော ၁၅ ယောက်လောက်တော့ ရှိတယ်။ အခုလောလောဆယ်က သွားပြီးတော့ ဖူးမယ်ဆိုရင် စစ်ဆေးပြီးမှ ဝင်သွားဖူးကြတယ်လေ။ ကျောင်းထဲမှာ တခြားဘုန်းကြီးတွေ ဒီ ၅၁ ပါးထက် ကျော်မနေရအောင် မကြာမကြာ စစ်ဆေးနေပါတယ်” ဟု ကျောင်းတိုက်အနီး နေထိုင်သူတဦးက မဇ္ဈိမကို ပြောသည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့တွင် ဦးဆောင်ဆရာတော် တပါးလည်းဖြစ်သည့် ဆရာတော်ကြီး ပြန်လွတ်လာသည်ကို ကြားသိသဖြင့် ယခုရက်ပိုင်းအတွင်း လာရောက်ဖူးမြော်သူ များပြားသဖြင့် လုံခြုံရေးများ အထူးကြပ်မတ်ကာ စစ်ဆေးပြီးမှ အဝင်အထွက် ခွင့်ပြုနေခြင်း ဖြစ်သည်ဟု အခြားဒေသခံ တဦးကလည်း ပြောဆိုသည်။

အဆိုပါ ဒေသခံက “ကျနော်တို့ ဒကာ၊ ဒကာမတွေအနေနဲ့ကတော့ အရမ်းကို ဝမ်းသာပါတယ်။ ဆရာတော်ကြီးကလည်း ရပ်ရွာအတွက်ကို ပြန်ပြီးတော့ စေတနာ၊ မေတ္တာနဲ့ ပရိတ်ရွတ်တယ်။ အားလုံးက ဝမ်းပမ်းတသာနဲ့ သွားပြီးတော့ ဖူးကြတယ်လေ။ ဒီလိုဖြစ်ရပ်တွေကို မကြာမကြာ နောင်မှာလည်း မြင်တွေ့ပြီးတော့ တိုင်းပြည်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ချမ်းချမ်းသာသာ မြင်ကွင်းလေးကို မြင်ချင်ပါတယ်ဗျာ” ဟု ပြောသည်။

သူက ဆက်ပြီး သံဃာတော်များ ကျောင်းအပြင်သို့ ထွက်ခွါပါက နောက်မှ စွမ်းအားရှင်အချို့က နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားလေ့ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် သံဃာလူထု လှုပ်ရှားမှုကြီး ဖြစ်ပွားနေစဉ် လက်နက်ကိုင် တပ်များက ငွေကြာယံ ကျောင်းတိုက်အတွင်း ဝင်ရောက်စီးနင်းကာ သံဃာအပါး ၉ဝ ကျော်အား ရိုက်နှက် ဖမ်းဆီးခဲ့ပြီး၊ နောက်တရက်တွင် ဆရာတော်ကြီးကိုပါ ဖမ်းဆီးသွားပြီး ယခုအခါ ကျောင်းတိုက်မှ ၅၁ ပါးသာ ပြန်လွှတ်ပေးခြင်း ဖြစ်သည်။

ပထမ ဒေသခံက “မနက်မှာ သူတို့ဘက်က ဆိုင်ကယ်တွေနဲ့ ငွေကြာယံကျောင်း ရောက်လာပြီးတော့၊ စွမ်းအားရှင်တွေလည်း ပါတယ်။ သူတို့ သန့်ရှင်းရေး လုပ်တယ်။ အဲဒီနောက် တော်တော်အကြာမှာ ကားတွေနဲ့ ရောက်လာတယ်။ ရောက်လာတာကလည်း ကားတစီးကို ၄ ၊ ၅ ပါးနဲ့ ရောက်လာတယ်။ အားလုံး အပါး ၅၁ ပါး ပြန်ပို့တာ တွေ့ရတယ်” ဟု ပြောသည်။

ဆရာတော်ကြီးကို ကမ္ဘာအေး သာသနာ့နယ်မြေတွင် ချုပ်နှောင်ထားရာမှ ခေါ်လာကာ အခြား သံဃာတော်များကိုမူ အင်းစိန် စက်မှုလက်မှု သိပ္ပံကျောင်းမှ ခေါ်လာကြောင်းနှင့် ယခုလွှတ်ပေးသည့် သံဃာ ၉၆ ပါးအနက် ၄၅ ပါးကိုမူ အာဏာပိုင်များက ရန်ကုန်တွင် သီတင်းသုံးခွင့် မပေးကြောင်း ဒေသခံများက ပြောဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိရန် ကျောင်းတိုက်သို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။