Saturday, December 22, 2007

သံဃမဟာနာရကဆရာတော်များ နုတ်ထွက်စာတင်

Irrawaddy
ကိုသက် | ဒီဇင်ဘာ ၂၁၊ ၂၀၀၇

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဦးဆောင်ဆရာတော် ၄၇ ပါးအနက် ၁၀ ပါးခန့်သည် နိုဝင်ဘာလလယ် ခန့်တွင် နုတ်ထွက်စာ တင်ကြကြောင်း သာသနာရေးဝန်ကြီးဌာနနှင့် နီးစပ်သူများက ပြောဆိုကြသည်။

နုတ်ထွက်စာတင်ထားသည့် ဆရာတော်များတွင် နိုင်ငံတော်သံဃမဟာနာယက ဥက္ကဌဖြစ်သည့် မကွေးဆရာတော် ဦးကုမာရ၊ အကျိုးတော်ဆောင်ဆရာတော် ဦးသြသထဘိဝံသ၊ အင်းစိန်ရွာမဆရာတော် ဦးတိလောကဘိဝံသ၊ ရေနံချောင်း ဆရာတော် ဦးတေဇိန္တတို့ပါဝင်သည်ဟု သာသနာရေးဝန်ကြီးဌာနနှင့် နီးစပ်သူက ပြောသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို ဦးဆောင်ဆရာတော် ၄၇ ပါးဖြင့် အဖွဲ့ ၃ ဖွဲ့ခွဲကာ ဖွဲ့စည်းထားပြီး တဖွဲ့လျှင် ဆရာတော် ၁၅ ပါးခန့် ပါဝင်သည်။ ဦးကုမာရ သည် အဖွဲ့ ၁ ၏ ဥက္ကဌဖြစ်ပြီး သံဃမဟာနာယကအဖွဲ့၏ တာဝန် အရှိဆုံး ဆရာတော်လည်းဖြစ်သည်။ ဆရာတော်သည် နုတ်ထွက်စာတင်ပြီးနောက် မကွေးသို့ပြန်ကြွသွားကြောင်း သိရသည်။

ဆရာတော်များနုတ်ထွက်စာတင်ရခြင်းမှာ စက်တင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာယံ ပရိယတ္ထိစာသင်တိုက်ကို စစ်အစိုးရ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက်စီးနင်းသောကြောင့် ဖြစ်နိုင်သည်ဟု သံဃမဟာနာယကအဖွဲ့နှင့် နီးစပ်သူတချို့က သုံးသပ်ကြသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ည ၁၂ နာရီကျော်တွင် လက်နက်ကိုင်စစ်သားများနှင့် လုံထိန်း ၂၀၀ ကျော်တို့က မျက်ရည်ယို ဗုံးနှင့် သေနတ်များသုံး၍ ငွေကြာယံကျောင်းတိုက်ကို ၀င်ရောက်စီးနင်းခဲ့ကြပြီး သံဃာတော်အပါး ၁၀၀ ကျော်ကို အကြမ်း ဖက် ရိုက်နှက် ဖမ်းဆီးကာ လူဝတ်လဲလိုက်သည်။ ၀င်ရောက် စီးနင်းသည့်ကာလအတွင်း ရွှေ၊ ငွေအပါအ၀င် ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ကျော်ကို စစ်သားများကသိမ်းဆီးသွားပြီး ကျပ်သိန်း ၅၀ ခန့်ကို သာသနာရေးဝန်ကြီးဌာနမှတဆင့် ကျောင်းတိုက်သို့ ပြန်လည်ပေးအပ်ကြောင်း ငွေကြာယံကျောင်းတိုက်နှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောဆိုသည်။

ငွေကြာယံ ပရိယတ္ထိစာသင်တိုက်၏ ဆရာတော် ဦးရေ၀တမှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အမှတ် ၂ အဖွဲ့မှ ဒုဥက္ကဌ ဖြစ်သည်။ အာဏာပိုင်တို့က ဆရာတော် ဦးရေ၀တ၊ တိုက်အုပ်ဆရာတော် ဦးဥတ္တမ အပါအ၀င် ငွေကြာယံကျောင်းတိုက်မှ သံဃာ ၅၀ ကျော်ကို ရန်ကုန်မြို့ ကမ္ဘာအေးရှိ သာသနာ့နယ်မြေတွင် အကျယ်ချုပ် ထားကာ ယခုလ ၁၇ ရက်နေ့၌ ကျောင်းတိုက်သို့ ပြန်ပို့ခဲ့သည်။

သံဃာတော်များက စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သည့် လူထုလှုပ်ရှားမှုများကို ဦးဆောင်ခဲ့ပြီးနောက် စစ်အစိုးရက ဘုန်းတော်ကြီးကျောင်း ၆၀ ခန့်ကို အဓမ္မ၀င်ရောက်ဖျက်ဆီးကာ သံဃာတော်များကို ဖမ်းဆီးခဲ့သည်။

နိုဝင်ဘာလကုန်ပိုင်းတွင် စစ်အစိုးရက HIV /AIDS ဝေဒနာရှင်များအတွက် လူမှုအထောက်အကူပြု လုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ မဂ္ဂင် ဘုန်းတော်ကြီးကျောင်းကို မည်သည့်အကြောင်းပြချက်မှ မပေးဘဲ ချိပ်ပိတ်လိုက်သည်။ မဂ္ဂင်ကျောင်းသည် ဒီမိုကရေစီရေးလှုပ်ရှားသူများ ကိုးကွယ်သည့် ဘုန်းတော်ကြီးကျောင်း ဖြစ်သည်။

ယခုအခါ နအဖ စစ်အစိုးရက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းရန် စီစဉ်လျက် ရှိကြောင်း စုံစမ်းသိရှိရသည်။