Thursday, October 11, 2007

သံဃာတော်တွေ ရောက်ခဲ့ရတဲ့ ငရဲခန်း

Irrawaddy
ကြည်ဝေ | အောက်တိုဘာ ၁၀၊ ၂၀၀၇

ဟောတိုက်ပုံစံ အခန်းဟာ ယေဘုယျအားဖြင့် ကျယ်ဝန်းတယ်လို့ ပြောနိုင်ပေမယ့် ပေ ၃၀ ၊ ပေ ၇၀ လောက်ရှိတဲ့ အဲဒီအခန်းထဲမှာ သံဃာနဲ့အရပ်သား စုစုပေါင်း ၇၀၀ ကျော် အတွက်ကတော့ အသက်ရှုစရာနေရာမရ လောက်အောင်ကို ကျဉ်းမြောင်းကြပ်တည်းလှတယ်လို့ အသက် ၃၃ နှစ်အရွယ် သံဃာတပါးဖြစ်တဲ့ အရှင်စန္ဒာဝရ က ပြောပြပါတယ်။

“ဦးပဉ္ဖင်းတို့နေရတာ အရမ်းဒုက္ခရောက်တယ်၊ ကိုယ်တော်တွေနဲ့ လူတွေရောပြွတ်သိပ်ပြီး တနေရာစာ ထိုင်ရုံ လောက်ပဲ ရတယ်၊ အဲဒီအခန်းထဲမှာနေခဲ့ရတဲ့ ၈ ရက်မှာ သံဃာနဲ့လူတချို့ဆုံးပါးတာမြင်ခဲ့ရတယ်၊ အာဟာရ ပြတ်တဲ့ ဒဏ်နဲ့ အခန်းရဲ့ အပူအအေး မညီမျှမှုကြောင့်လို့ ထင်တယ်” ဟု ပိန်းချုံးချိနဲ့ပြီး အားအင် ပြတ်လပ်နေတဲ့ ကြားက အရှင်စန္ဒာဝရဟာ လေသံဖျော့ဖျော့နဲ့ ပြောပြပါတယ်။

အရှင်စန္ဒာဝရဟာ စက်တင်ဘာလ ၂၆ ရက်နေ့ ညသန်းခေါင်ချိန်မှာ စစ်အစိုးရရဲ့ ဖမ်းဆီး ချုပ်နှောင်ခြင်းကို ခံခဲ့ရပြီး အောက်တိုဘာ ၅ ရက်နေ့မှာ ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။

စစ်အစိုးရက သံဃာတော်တွေနဲ့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို စက်တင်ဘာလ၂၆ ရက်နေ့မှာ စတင်ဖမ်းဆီးခဲ့ပြီး အင်းစိန် စက်မှုလက်မှုသိပ္ပံ (ဂျီတီအိုင်) ကျောင်းဟောင်း၊ ကျိုက္ကဆံရဲရိပ်သာ၊ မှော်ဘီရဲတပ်ရင်း၊ ကျိုက်ဝိုင်း အောင်သပြေ၊ သံလျင် ရဲတပ်ရင်း စတဲ့ နေရာ ငါးနေရာမှာ ခွဲထားခဲ့တယ်လို့ ပြန်လွတ်လာသူတွေရဲ့ ပြောပြချက် အရ သိရပါတယ်။ နေရာ တနေရာမှာ သံဃာနဲ့လူ စုစုပေါင်း အနည်းဆုံး ၁ ထောင်ကနေ ၂ ထောင်ကျော်လောက် ထားရှိတယ်လို့လည်း
ရဲဝန်ထမ်းတဦးက ပြောပြပါတယ်။

စက်မှုလက်မှု သိပံ္ပကျောင်းဟောင်းနေရာရဲ့ အခန်းကျယ်ကြီးတခုထဲမှာတော့ စုစုပေါင်း သံဃာအပါး ၅၀၀ ကျော် အမျိုးသားပေါင်း ၂၀၀ ကျော်တို့နဲ့အတူ နေ့စဉ် ကြပ်ကြပ်သိပ်သိပ်နေထိုင်ခဲ့ရတယ်လို့ ဦးပဉ္ဖင်း အရှင်စန္ဒာဝရက ပြောပါတယ်။ ပထမ ၁ ရက်၂ ရက်မှာ တခန်းလုံးအတွက် ရေသန့်ဘူးကြီး ၁ ဘူးသာ ပေးထားခဲ့ပြီး နောက်ပိုင်းမှာတော့ သုံးဘူး ပေးခဲ့ပေမယ့် ရေချိုးခွင့်၊ တကိုယ်ရေသန့်ရှင်းရေးလုပ်ခွင့်မရှိတဲ့အပြင် အညစ်အကြေးစွန့်ခြင်းကိစ္စကိုလည်း ကြွပ်ကြွပ် အိတ်ထဲထည့် စွန့်ခိုင်းခဲ့တဲ့အတွက် အခန်းထဲမှာ အနံ့အသက်ဆိုးတွေက အမြဲ ပြည့်နေခဲ့တယ် လို့ ဦးပဉ္ဖင်းကပြောပြပါတယ်။

အာဏာပိုင်တွေက သံဃာတွေကို အာရုံဆွမ်းမကပ်တဲ့အပြင် နေ့ဆွမ်းကိုလည်း နေ့လယ် ၂ နာရီမှသာ ကပ်တယ်လို့ ဆိုပါတယ်။ အခန်းထဲမှာ အောက်ကသံမံတလင်းပေါ်ကို သဲဖြူးထားပြီးရေဖြန်းထားတဲ့အတွက် ကိုယ်တော်တွေနဲ့ လူတချို့ဟာ လေးရက်အတွင်း ဖျားနာတာ၊ အာဟာရပြတ်တာတွေကို ခံစားလာရတယ်လို့လည်းသိရပါတယ်။

ဖမ်းဆီးခံနေရတဲ့ သံဃာတော်တွေကို လူဝတ်လဲခိုင်းခဲ့ပေမယ့် ကိုယ်တော်တချို့က ခေါင်းမာမာနဲ့ ငြင်းဆန် ဆန္ဒပြခဲ့ သေးတယ်လို့ ဦးပဉ္ဖင်းတပါးကလည်း ပြောပြပါတယ်။ တချို့သံဃာတွေကို တပါးချင်းစီ ဆွဲထုတ်ခေါ်သွားပြီး လူဝတ်အတင်း လဲခိုင်းခဲ့တယ်လို့ ဦးပဉ္ဖင်းက ဆိုပါတယ်။

“ဦးပဉ္ဖင်းကို သင်္ကန်းတွေ ဆွဲချွတ်ကြတယ်၊ ဒါပေမယ့် ဦးပဉ္ဖင်းက စိတ်ထဲမှာ ငါဟာ သံဃာပဲလို့ပဲ ထားတယ်၊ စိတ်ကိုမချ လိုက်ဘူး၊ စိတ်မချသရွေ့တော့ ဦးပဉ္ဖင်းတို့ဟာ သူတို့ ဘယ်လိုလုပ်လုပ်သံဃာပါပဲ၊ သင်္ကန်းတွေ ဆွဲချွတ်ကြရုံနဲ့တော့ သိက္ခာမကျသွားပါဘူး” လို့ လည်း ဦးပဉ္ဖင်းက ပြောပါတယ်။

ဖမ်းဆီးချုပ်နှောင်ထားစဉ်မှာပဲ သံဃာတချို့ဟာ ဆက်လက်သပိတ်မှောက်ခဲ့ကြတယ်လို့ ဦးပဉ္ဖင်းရဲ့ ပြောပြချက် အရ သိရပြီး အများစုကတော့ ဆက်လက်သပိတ်မှောက်နိုင်လောက်အောင် အင်အားမရှိကြတော့ဘူးလို့လည်း ပြောပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့မှာပဲ အင်းစိန် ဂျီတီအိုင် အချုပ်စခန်းကနေ ပြန်လွှတ်လာတဲ့ အသက် ၂၃ နှစ်ရှိ အမျိုးသား တဦးကလည်း သူတို့အခန်းထဲမှာ သံဃာနဲ့လူ စုစုပေါင်း ၆၀၀ ကျော်ထည့်ထားခဲ့တယ်လို့ ပြောပြပါ တယ်။

အင်းစိန် ဂျီတီအိုင်မှာ တခန်းနဲ့ တခန်းအဆက်အသွယ်လုပ်လို့မရအောင် ချုပ်နှောင်ထားခဲ့လို့ တခြားအခန်းတွေနဲ့ အဆက် အသွယ်မရှိပေမယ့် တခြားအခန်းတွေမှာလည်း သံဃာနဲ့လူတွေရှိနေတာကို အသံတွေကြားရတဲ့ အတွက် သိခဲ့ရတယ်လို့ ဆိုပါတယ်။ ပြီးတော့ သူနေခဲ့ရတဲ့ တပတ်အတွင်း အခန်းထဲမှာ စုစုပေါင်း သံဃာနဲ့ လူ ၁၆ ဦး လောက် သေဆုံးပြီး သံဃာတော်တွေနဲ့ လူအားလုံးနီးပါး မမာမကျန်း ဖြစ်နေကြတယ်လို့လည်း သူက ပြောပြပါ တယ်။

“ကိုယ်တော်တွေလည်း ပျံလွန်တော်မူကြတယ်၊ ကျနော့်ဘေးက ကိုရင်လေးဟာ တကိုယ်လုံး တုန်ပြီး၊ ပါးစပ်ကနေ ကယောင်ကတန်းတွေပြောနေတာ၊ အဲဒါကိုလည်း ဒီလိုပဲ ငေးကြည့်နေခဲ့ရတယ်။ ဘာမှ လုပ်မပေးနိုင်ဘူး၊ အစောင့်တွေကို ပြောပေမယ့် သူတို့ကလည်း ဘာမှ လုပ်မပေးကြဘူး၊ သေမှပဲ အလောင်းလာထုတ်ကြတယ်၊ နောက်ဆုံးတော့ ကျနော် တို့လည်း ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး အံတင်းတင်းကြိတ်နေခဲ့ရတယ်၊ တကယ့် ငရဲခန်းတခုပဲ”လို့ သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကို စိတ်မကောင်းခြင်းကြီးစွာနဲ့ ပြန်ပြောပြခဲ့ပါတယ်။

ကျိုက္ကဆံရဲရိပ်သာကနေ ပြန်လွတ်လာတဲ့ အသက် ၃၀ ရှိအမျိုးသားတဦးကလည်း လူ အယောက် ၂၀၀ ကျော် ကို ပေ၂၀၊ ပေ ၄၀ လောက်ရှိတဲ့ အခန်းထဲမှာ စုပြုံထားပြီး ရေသန့်ဘူးကြီး ၂ ဘူးပေးတယ်၊ တနေ့ကို ထမင်း နှစ်နပ်ကျွေးပေမယ့် ဆန်ကလည်းအရမ်းညံ့ပြီး နေ့စဉ်ဂေါ်ဖီထုပ်ရေလုံပြုတ်နဲ့သာ ကျွေးခဲ့တယ်လို့ ပြောပြပါ တယ်။ အဲဒီအပြင် မကြာခဏ ဆိုသလို တဦးချင်းခေါ်ထုတ်ပြီး စစ်ဆေးမေးမြန်းတယ်လို့လည်း ဆိုပါတယ်။

“၂၈ ရက်နေ့ ညတုံးကတော့ တညလုံး မီးမှိတ်ထားတယ်။ မှောင်မည်းနေတာပဲ၊ အဲဒီမှာ ည ၁၂နာရီ ၁ နာရီ လောက်မှာ လူအတော်များများက ထိုင်လျက်သားအိပ်ပျော်နေတုန်း မီးသတ်ပိုက်တွေနဲ့ရေတွေ လာပက်တယ်၊ အားလုံး အိပ်မောကျ နေတဲ့သူတွေ ရော အိပ်မရတဲ့ သူတွေရော လန့်နိုးကုန်ကြတယ်၊ တချို့ဆို စိတ်ခြောက်ခြား ပြီး အော်ကြတယ်ဗျာ၊ အဲဒီလို အော်နေတုန်းမှာ စစ်သားနဲ့ ရဲတွေဝင်လာပြီး ကျနော်တို့ ပါးတွေကို တဖြန်းဖြန်းနဲ့ ၀င်ရိုက်တော့တယ်၊ အားလုံးနီးပါးပဲ အရိုက်ခံရတယ်၊ ပြီးတော့ အ၀တ်စိုတွေနဲ့တညလုံး နေကြရတယ်၊ အဲဒီမှာ တယောက်ခြင်းကို ခေါ်စစ်တယ်”လို့ သူက စစ်အစိုးရရဲ့စစ်ဆေးမှုပုံစံကို ပြောပြပါတယ်။ စစ်ဆေးတဲ့အခါမှာ လည်း ရဲ၊ အက်စ်ဘီနဲ့ စစ်ထောက်လှမ်းရေးတို့က သုံးကြိမ်စစ်ဆေးခဲ့တယ်လို့ သူက ဆိုပါတယ်။

အောက်တိုဘာလ ၄ ရက် နေ့ကစပြီး သံဃာတချို့နဲ့ လူတချို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြန်လွတ်လာသူတွေရဲ့ ပြောပြ ချက်အရ ရာသက်ပန်ခြေချုပ်နဲ့ ပြန်လွှတ်ပေးခြင်းဖြစ်ပြီး နောက်နောင် ဆန္ဒပြပွဲတွေမှာ ပါဝင်ခြင်း၊ ရပ်ကြည့် အားပေးခြင်း၊ ပံ့ပိုးကူညီခြင်းတွေ မလုပ်ပါဘူးဆိုတဲ့ ခံဝန်ချက်တွေကို မိဘအုပ်ထိန်းသူတွေနဲ့အတူ သက်ဆိုင်ရာ မြို့နယ်ရုံး အသီးသီးမှာ လက်မှတ်ထိုးပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

သံဃာတော်တွေကိုလည်း ခံဝန်လက်မှတ်ထိုးခိုင်းခဲ့ပြီး လက်မှတ်ထိုးဖို့ငြင်းရင် လွှတ်မပေးဘဲ၊ လက်မှတ်ထိုးသူ တွေနဲ့ လမ်းလျှောက်မေတ္တာသုတ်ရွတ်ဆန္ဒပြပွဲမှာ မပါတဲ့သူတွေကိုသာလွှတ်ပေးတဲ့အတွက် မလွတ်သေးတဲ့ သံဃာ အများကြီး ကျန်နေသေးတယ်လို့ ပြန်လွတ်လာတဲ့ သံဃာတွေက ပြောပြလို့ သိရပါတယ်။

ငရဲခန်းက လွတ်လာလို့ ကျောင်းကို ပြန်ရောက်လာပေမယ့် ကျောင်းထဲကနေ ဘယ်ကိုမှမထွက်ရဘူး ဆိုတဲ့ စစ်အာဏာပိုင် တွေရဲ့ အမိန့်ကြောင့် စစ်သားတွေ ရိုက်နှက်ခဲ့လို့ ဦးခေါင်းက ကွဲနေတဲ့ ဒဏ်ရာကိုတောင် ဆေးခန်း ပြခွင့်မရသေးဘူးလို့ ဗိုလ်တထောင်မြို့နယ်မှ ဦးပဉ္ဖင်းတပါးကလည်း ပြောပြပါတယ်။

အဲဒီ သံဃာတော်တွေ ဦးဆောင်တဲ့ဆန္ဒပြပွဲမှာ သေဆုံးသူပေါင်းအနည်းဆုံး ၁၃၀ လောက်ရှိပြီး ဖမ်းဆီးခံ ထားရသူပေါင်း ၃၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။