Mizzima
မင်းလွင် (ရှမ်းပြည်)
အောက်တိုဘာလ ၂၅ ရက်၊ ၂၀၀၇ ခုနှစ်
နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆန်း ၁ ရက်နေ့မှ စတင်၍ အင်းလေး ဖောင်တော်ဦး ဘုရားသည် ကိန်းဝပ် စံပယ်တော်မူရာ ကျောင်းတော်မှ ဒေသစာရီ ကြွချီတော်မူရာ ညောင်ရွှေသို့ သီတင်းကျွတ်လဆန်း ၇ ရက်နေ့တွင် ဆိုက်ရောက်သည်။ ဤသည်ကို အကြောင်းပြု၍ ညောင်ရွှေ ပွဲတော်ဟူ၍ ရှမ်းပြည်တလွှား ထင်ရှား ကျော်ကြားလေသည်။ ရုပ်ပွားတော် ငါးဆူကို ကရဝိတ် ဖောင်တော်ပေါ်တွင် တင်ဆောင်လာပြီး ညောင်ရွှေ၊ နမ့်ကပ်ချောင်းပေါ်ရှိ ပြဿဒ်ဆောင်သို့ ပထမဦးစွာ ပင့်ဆောင်သည်။ ထိုမှတဆင့် ပန်းရထားလှည်းဖြင့် ပရိသတ်များက ညောင်ရွှေ၊ ဒေသစာရီ ကျောင်းတော်အထိ ပင့်ဆောင် ပို့ဆောင်ကြသည်။
ရုပ်ပွားတော်များ ကျောင်းတော်ပေါ်သို့ ရောက်ရှိသောအခါ ဆရာတော် သံဃာတော်များက လူထု ပရိသတ်များကို တရား နာကြားတော်မူလေသည်။ ထို့နောက်တွင် အနယ်နယ် အရပ်ရပ်မှ လာရောက်ကြကုန်သော ဘုရားဖူး ပြည်သူများက ရုပ်ပွားတော်များကို ကြည်ညိုသဒ္ဒါ ပွားခြင်း၊ ရွှေသင်္ကန်း ကပ်လှူခြင်း၊ သစ်သီး၊ ရေချမ်း၊ ဆီမီးနှင့် ပန်းများဖြင့် ပူဇော်ခြင်းများ ပြုလုပ်ကြလေသည်။
ယင်းဓလေ့ ထုံးစံ ပွဲတော်ကို ပဒေသရာဇ် ရှမ်းစော်ဘွားများက ကျင်းပ ပူဇော်ခဲ့ကြရာ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက် လက်ထက်အထိ ဖြစ်သည်။ ဘာသာရေးကို ရိုသေ ကိုင်းရှိုင်းသည့် အနေဖြင့် စော်ဘွား မိသားစုများပင်လျှင် သာမန် ပြည်သူလူထုများနှင့် တန်းတူရည်တူ ပါဝင် ဆင်နွှဲခဲ့ကြသော်လည်း မဆလ လက်ထက်မှစ၍ ယခု နဝတ (ဝါ) နအဖ လက်ထက်ထိ တမူ ထူးခြား ပြောင်းလဲသွားသည်။ မဆလ လက်ထက်တွင် ပြည်နယ် ကောင်စီလူကြီးများ ကိုယ်တိုင် ညောင်ရွှေပွဲတော်သို့ အခွင့်ထူးခံ လူတန်းစားများသဖွယ် ချီတက်လာပြီး ဘုရားနှင့်တန်းတူ ဖူးမျှော်ခံလိုချင်စိတ် ဝင်ခဲ့သည်။
နအဖ ဗိုလ်သန်းရွှေ လက်ထက်တွင်တော့ ဖျက်မရသည့် သမိုင်းတရပ် အနေဖြင့် အမည်းစက် တွင်သွားခဲ့ပါသည်။ ဘုရားကတောင် ဗိုလ်သန်းရွှေအတွက် ရပ်တန့် စောင့်ဆိုင်း ပေးခဲ့ရသည်။ တရားနာကြား ပေးရမည့် ရွှေကျင် သာသနာပိုင် ဆရာတော်ကြီးနှင့်တကွ သံဃာတော်များ နေ့ဆွမ်း ငတ်ခဲ့ရသည်။ ဒေါ်ကြိုင်ကြိုင်နှင့် ဒေါ်မြမြစန်းတို့ လိုက်နာ စောင့်ထိန်းရမည့် အစဉ်အလာကို ဖျက်ဆီးခဲ့သည်။ ဤသည်က အချိန်ကာလမှာ ၁၉၉၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက်ဖြစ်သည်။
ဖောင်တော်ဦး ရုပ်ပွားတော်များသည် ဖောင်တော်ဆိပ်မှ ကိန်းဝပ် စံပယ်တော်မူမည့် ဒေသစာရီ ကျောင်းတော်ဆီသို့ ပန်းရထားလှည်းဖြင့် ကြွချီနေသည်။ လူထု ပရိတ်သတ်ကြီးမှာ များပြားလှသဖြင့် လမ်းဘေး ဝဲယာဘက်တိုင်း ပြည့်လျှံနေသည်။ ဒေသစာရီ ကျောင်းတော်ပေါ်တွင် ရွှေကျင် သာသနာပိုင် ဖြစ်သော ညောင်ရွှေကန်ကြီး ကျောင်းဆရာတော် ဘဒ္ဒန္တဝိမလနှင့် ပင့်ဖိတ်ထားသော သံဃာတော် အရှင်မြတ်တို့က တရားဟောရန် အဆင်သင့် ဖြစ်နေကြသည်။ အချိန်မှာ နံနက် ၁ဝ နာရီသာ ရှိသေးတာကြောင့် တရားနာကြားပြီးမှ ဆွမ်းဘုန်းပေးကြမည် ဖြစ်သည်။
ထိုစဉ်က အရှေ့ပိုင်းတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်မောင်ဘိုမှ ဦးဆောင်၍ ကြွချီလာသော ရုပ်ပွားတော်ပါ ပန်းရထားသည် ဒေသစာရီ ကျောင်းတော် ဧရိယာထဲသို့ ဝင်စပြုနေလေပြီ။ ထိုအချိန်မှာပင် ဆက်သွယ်ရေး တပ်မှူးမှ ဗိုလ်ချုပ် မောင်ဘိုထံ ကပျာကယာ သတင်း ပေးပို့နေသည်။ ဟဲဟိုးလေဆိပ်မှ နိုင်ငံတော် အကြီးအကဲများ ထွက်ခွာ လာနေကြောင်း၊ မိနစ်ပိုင်းအတွင်း ညောင်ရွှေကို ရောက်ရှိမည် ဖြစ်ကြောင်း၊ ဘုရား ရုပ်ပွားတော်များကို သူတို့ကိုယ်တိုင် ကျောင်းတော်ပေါ်သို့ ပင့်ဆောင်မည် ဖြစ်သောကြောင့် စောင့်ဆိုင်းထားရမည် ဖြစ်ကြောင်း၊ သတင်း ပေးပို့လာပါသည်။
ပွဲတိုင်းတွင် ပါလေရာ ဖြစ်သော အဖြူ၊ အစိမ်း ဝတ်စုံပိုင်ရှင် ကြံ့ဖွတ်များ ဗျာများသွားသည်။ ချက်ချင်း ဆိုသလို ဘုရားကျောင်း တံခါးပေါက်ထိပ်မှ နေ၍ ပန်းရထားလှည်းကို ပိတ်ဆို့ ထားလိုက်သည်။ ခေါင်းဆောင် ဖြစ်သူမှာ ပြည်နယ်ကြံ့ဖွတ် အတွင်းရေးမှူး ဦးဉာဏ်လင်း (ရွှေကျားပျံ - ဆေးလိပ်ခုံ) ဖြစ်သည်။ ပုံစံ အနေအထားမှာ ပန်းရထားလှည်း ရှေ့တိုးလာပါက အမဲဖျက်သလို ဖျက်သတ်မည့် သဘောရှိသည်။ ထိုအချိန်မှာပင် အနောက်မြောက် အရပ်ဆီမှ ဖုတ်သွင်းထားသော ရဟတ်ယာဉ် နှစ်စီး ပေါ်လာသည်။
ဖုတ်သွင်း ရဟတ်ယာဉ်များ ဖော်တော်ဆိပ်တွင် ဆင်းသက်မည် ဖြစ်သောကြောင့် ကြိုဆိုကြရန် ဗိုလ်ချုပ် မောင်ဘို ကိုယ်တိုင် ဆော်သြနေသည်။ အင်းရိုးရာ လှေလှော် ယိမ်းအဖွဲ့များ၊ ဆွမ်းပို့ ယိမ်းအက အဖွဲ့များ၊ ချက်ချင်း နမ့်ကပ်ချောင်းထဲ ဆင်း၍ နေရာ ယူကြရသည်။ လှေပေါ်တွင် ဖျာများခင်းနေဆဲ ဆင်းသက်လာသော ရဟတ်ယာဉ် အရှိန်ကြောင့် ဖျာများ လေထဲသို့ ပလူပျံသွားသည်။ ကရဝိက် ဖောင်တော်ပေါ်ရှိ ထီးတော်နှင့် သာသနာ့ အလံတော်များ လွင့်စင် ထွက်ကုန်ကြရသည်။ မြင်ရသော မြင်ကွင်းမှာ အော့နှလုံးနာစရာ ဖြစ်နေသည်။ ဖရိုဖရဲ နိုင်လွန်းသည်။ ပြာယာ ခတ်လွန်းသည်။
ပထမဦးဆုံး ရဟတ်ယာဉ်ပေါ်မှ မျက်နှာ သုန်သုန်မှုန်မှုန်ဖြင့် ဗိုလ်သန်းရွှေ ဆင်းသက်လာသည်။ သူ့နောက်တွင်မူ ဒေါ်ကြိုင်ကြိုင် ဖြစ်သည်။ ဒုတိယ ရဟတ်ယာဉ်ပေါ်မှ ပထမဦးဆုံး ဆင်းသက်လာသူက ဗိုလ်မောင်အေး ဖြစ်သည်။ အရပ်မြင့်မားပြီး ရုတ်တရက်ကြောင့် ရဟတ်ယာဉ် ဘောင်နှင့် ဦးခေါင်း တိုက်မိသွားပြီး ဦးထုပ်လည်း ပြုတ်ကျလုဆဲဆဲ ဖြစ်သွားသည်။ သတိဆွဲ အလေးပြုနေသော ဗိုလ်ချုပ်မောင်ဘို ပြန်လည် အလေးမပြုဘဲ ရှိနေရာ ဗိုလ်ချုပ် မောင်ဘိုခမျာ တောင့်တောင့်ကြီး အလေးပြု နေရရှာသည်။ ဇနီးဖြစ်သူ ဒေါ်မြမြစန်းက အလိုက်သင့် ယောဂီပုဝါလေး ထုတ်ပေးတော့မှ သင်ခန်းစာ ပေးခြင်းကို အဆုံးသတ်လိုက်သည်။
ဘုရားပန်း ရထားလှည်းကို ပိတ်ဆို့ထားသည့် ဦးဉာဏ်လင်း ဦးဆောင်သော ကြံ့ဖွတ်များ ဂိုဏ်းချုပ် နာယက ဗိုလ်သန်းရွှေ ကို မြင်သောအခါ လက်အုပ်ချီ၍ ကပျာကယာ ကြိုဆိုကြသည်။ (ဘုရားကို လက်အုပ်ချီခြင်း မရှိခဲ့ပါ)။ ဒေသစာရီ ကျောင်းဝထိပ်မှ နေ၍ စစ်ဗိုလ်ချုပ်များ ကိုယ်တိုင် ပန်းရထားကြိုးကို ဆွဲပြီး ဦးဆောင်သွားကြသည်။ ပုခုံးထက်တွင် ရွှေကြယ်ပွင့်နှင့်အတူ လိုက်ဖက်ခြင်း မရှိသော ယောဂီပုဝါ၊ လက်ကသာ ပန်းရထားကြိုးကို ဆွဲနေကြသော်လည်း ခါးတွင် လူသတ် သေနတ်များ ချိတ်ဆွဲထားသည်။ ရှေ့ဆုံး ဝဲဘက်မှ ဗိုလ်သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်၊ ယာဘက်တွင် ဗိုလ်မောင်အေးနှင့် ဒေါ်မြမြစန်း၊ ထိုသူတို့ နောက်တွင် ဗိုလ်သိန်းဝင်း (လေ) နှင့် ဗိုလ်စိုးသိန်း (ရေ)၊ ထိုသူတို့ နောက်တွင်မူကား အခြားသော တပ်နယ်မှူးများနှင့် ကြံ့ဖွတ်များ ဖြစ်သည်။
ကျောင်းတော်ပေါ်တွင် တရားနာကြားတော့ အချိန်ကား နေ့လည် ၁၁ နာရီကျော်နေပြီ။ ငါးပါးသီလ တရား ပေးပြီးသောအခါ နေ့လည် မွန်းတည့်နေပြီ။ ဆရာတော် သံဃာတော် အားလုံး နေ့ဆွမ်း ဘုန်းပေးဖို့ရန် နေမွန်း တည့်သွားလေပြီ။ ဆွမ်းပွဲများ ပြင်ဆင် ပေးနေသော အင်းလူငယ် အဖွဲ့များ၏ မျက်နှာမှာ ဒေါသ ခက်ထန်နေသည်။ ပို၍ အကျည်းတန် မြင်ကွင်းမှာ ပလ္လင်ထက်တွင် ကိန်းဝပ် စံပယ်နေသော ရုပ်ပွားတော်များကို ဂေါပက လူကြီးအချို့က ပင့်ဆောင်ကာ ဒေါ်ကြိုင်ကြိုင် (သထုံ - ပအိုဝ့် အမျိုးသမီး) နှင့် ဒေါ်မြမြစန်း (နမ့်ခမ်း -ပလောင် အမျိုးသမီး) တို့ ရှိရာသို့ ယူဆောင်သွားသည်။ ရာဇဝင် အဆက်ဆက်၌ အမျိုးသမီးများ ဘုရား ရုပ်ပွားတော်ကို ရွှေမချရဟု တားမြစ်ခဲ့သော ကန့်သတ်ချက်သည် ယခုတော့ ချိုးဖောက် ခံလိုက်ရသည်။ ရုပ်ပွားတော်ကို ရွှေချသည်။ ဆံပင်နှင့် ပွတ်သည်။ လက်ဖြင့် ပွတ်သတ်ကာ အမည်မသိ ဂါထာများ ရွတ်ဖတ် နေကြသည်။ မြင်နေကြရသူ အပေါင်း မျက်ရည်မိုး ရွာသွန်းခဲ့ရရှာသည်။ ကြားရသူ အပေါင်း ဒေါသမုန်တိုင်း ထန်ခဲ့ကြရရှာသည်။
(ယင်းအဖြစ်အပျက်ကြောင့် ကျွန်ုပ်နှင့် ရင်းနှီးသော ရှမ်းပြည် နိုင်ငံရေး သမားဟောင်း ဆရာ-ဦးချစ်ဦး (ရွာကြီးတောင်) နှင့် ဆရာ ဦးတင်ဦး (နန္ဒဝန်ရပ်-ညောင်ရွှေ) တို့သည် သေလွန်သည်အထိ ဖော်တော်ဦး ဘုရားကို သွားရောက်၍ ရှိခိုးခြင်း မပြုကြတော့ပေ။)
ကြက်ခတ်ဝိုင်း လက်ရေးမှ မောင်ဘိုလက်သီး သွားတချောင်း
နှစ်စဉ်နှစ်တိုင်း တော်သလင်းလတွင် ညောင်ရွှေမြို့၌ ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ စာတော်ပြန်ပွဲကြီးကို ကျင်းပလျက် ရှိပါသည်။ မူလ ဒါယကာမှာ နိုင်ငံတော် သမတဟောင်း စဝ်ရွှေသိုက် ဖြစ်သည်။ စဝ်ရွှေသိုက်သည် အင်းစိန် ထောင်ထဲ၌ (ဆေးထိုး သတ်ခံရ၍ဟု ပြောကြသည်။) ကွယ်လွန်သွားသည့် နောက်ပိုင်းတွင်လည်း ကျန်ရှိသော ညောင်ရွှေ ရပ်မိရပ်ဖများနှင့် ကန်ကြီးကျောင်းတိုက် ဆရာတော်တို့က လက်ဆင့်ကမ်း ဆက်လက် ကျင်းပခဲ့သည်။ နှစ်စဉ် လာရောက် ဖြေဆိုသူ သံဃာတော်များနှင့် သာမဏေများ ထောင်ကျော်ရှိခဲ့ရာ ယခုအချိန်တွင်မူ သုံးထောင်ကျော်လေပြီ။ စာတော်ပြန်ပွဲ ကျင်းပ ပြီးသောအခါ တပည့် ဒါယကာ၊ ဒါယကာမ အပေါင်းတို့က ဆွမ်းလောင်းလှူပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပသည့် ဓလေ့ထုံးစံပွဲ ရှိသည်။
လာရောက်ကြသော လူထု ပရိသတ်များကိုလည်း ထမင်းရည် ချောင်းစီးလောက်အောင် ဧည့်ခံ ကျွေးမွေးပါသည်။ ဟင်းလျာများ အနေဖြင့် တဆယ်သားခန့် အလေးချိန် ရှိသော ဝက်သားတုံးများကို လုံးချက်ပြီး၊ ဟင်းရည်အနေဖြင့် အင်းသားရိုးရာ ပဲလုံးဆေးခါးဟင်း၊ ငရုတ်သီးလုံး မွှေးမွှေးကြော်နှင့် ငါးမုန့်ခြောက်ကြော်တို့ ဖြစ်သည်။ ဝက်သား၏ ထုံးစံအရ (အီ) သော်လည်း အင်းသားဟင်းရည် ပဲလုံးဆေးခါးသည် အီခြင်းကို ချေဖျက်ပေးသည်။ ငရုတ်သီးခြောက်ကို မွှေးနေအောင် ကြော်ထားသောကြောင့် စပ်သော်လည်း ပါးစပ်ထဲတွင်မွှေးမွှေးလေးနှင့် တမူထူးကဲသည့် စပ်ခြင်းဖြစ်သည်။ တကြိမ် စားဖူးရုံဖြင့် စွဲမက် သွားလောက်အောင် လက်စွမ်းထက်သော အင်းလေးရိုးရာ စားစရာ ဖြစ်သည်။
ရွှေကျင် သာသနာပိုင် ဖြစ်သော စစ်ကိုင်း ရွှေဟင်္သာ ဆရာတော် ပျံလွန်တော်မူသောအခါ ညောင်ရွှေ၊ ကန်ကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိမလသည် ရွှေကျင် သာသနာပိုင်အဖြစ် ရွေးချယ်ခြင်း ခံရသည်။ ရပခ (အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်) တိုင်းမှူး ဖြစ်ခဲ့ဖူးသော ဗိုလ်မောင်အေးသည် ကန်ကြီးကျောင်း ဆရာတော်ကို ကြည်ညို ကိုးကွယ်သူ ဖြစ်သည်။ တိုင်းမှူးဘဝမှ ရာထူးတက်ပြီး ဗိုလ်သန်းရွှေအောက် ရောက်သွားသည့်တိုင် ဆရာတော်ကို စောင့်ရှောက် ကူညီပေးရန် ရပခ တိုင်းမှူးများကို မှာကြားလေ့ ရှိသည်။
၁၉၉၉ ခုနှစ်သည် “နအဖ နိဂုံး - ကိုးလေးလုံး” စကားကြောင့် နအဖ စစ်ဗိုလ်ချုပ်များ သောက များနေသော နှစ်ဖြစ်သည်။ သွေးချောင်းစီးမည်ဆိုသော နိမိတ်ကြောင့် နေအိမ် ခေါင်မိုးများကို ဆေးအနီ သုတ်ခိုင်းသည်။ စစ်ဗိုလ်ချုပ်များ ပြေးကိန်း ရှိသည်ဟူသော နိမိတ်ကြောင့် ဗိုလ်ချုပ်များကို မပြေးစေဘဲ ပြည်သူလူထုကို ပြေးခိုင်းသည့် အနေဖြင့် “မာရသွန် ပြိုင်ပွဲ” များကျင်းပကာ လူထုကို ပြေးခိုင်းသည်။ အဘက်ဘက်မှ အကြပ်ရိုက်သည့်နှစ်မို့ ဗိုလ်မောင်အေးသည် ကန်ကြီး ဆရာတော်ထံ ချဉ်းကပ်နေရသည်။
တော်သလင်းလတွင် ကျင်းပမည့် “ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ စာတော်ပြန်ပွဲကြီး” ကို စည်စည်ကားကား ကျင်းပပေးပါ့မည်ဟုလည်း ဂတိပြုသည်။ ဆရာတော်ကလည်း ရွှေကျင် သာသနာပိုင် အဖြစ် တာဝန် ယူထားတာကြောင့် မြေပြန့်မှ ရွှေကျင်ဂိုဏ်းဝင် ဆရာတော်များကို စုံစုံလင်လင် ဖိတ်ကြားပေးရန် တောင်းဆိုသည်။ ဗိုလ်မောင်အေးကလည်း ပြီးပြည့်စုံရမည်ဟု လျှောက်တင်ကြွားဝါသည်။ ဤသို့ဖြင့် “တော်သလင်းလ စာပြန်ပွဲ” သည် နီးသည်ထက် နီးလာပါတော့သည်။
ကျေးသီး-မိုင်းကိုင် ခရီးစဉ်တွင် ချောင်းမြောင်းပစ်ခတ် လုပ်ကြံခံရသော ဗိုလ်မောင်ဘိုသည် အသက်ဘေးမှ သီသီလေး လွတ်မြောက်လာသော အချိန်ဖြစ်သည်။ ကြောက်စိတ် မပြေသေးမီ ယခုလည်း ဗိုလ်မောင်အေး၏ အမိန့်ကြောင့် ညောင်ရွှေ စာပြန်ပွဲကို ပြင်ဆင် ပေးနေရရှာသည်။
စီမံ ခန့်ခွဲရာတွင်လည်း ရှမ်းပြည်နယ် ရဲမှူးကြီးကို အခမ်းအနား ပြင်ဆင်ရေး၊ ပြည်နယ် လဝကမှူးကို ကြိုဆိုနေရာ ချထားရေး၊ ဒု-တိုင်းမှူးကို ဘဏ္ဍာ ရှာဖွေရေး၊ ဗထူး တပ်နယ်မှူးကို လုံခြုံရေး၊ ဇနီးဖြစ်သူနှင့် သမီးဖြစ်သူ (သင်္ချာ တတိယနှစ် - တောင်ကြီး တက� သိုလ်) ကို စာရင်းစစ်ဆေးရေး စသည်ဖြင့် တာဝန်များ ခွဲဝေပေးကာ ဆပ်ကော်မတီများ ဖွဲ့စည်းခိုင်းသည်။
ပြည်နယ် လဝကမှူး၏ ဆပ်ကော်မတီ အဖွဲ့သည် ကြိုဆိုနေရာ ချထားရေး တာဝန် ယူရသဖြင့် ကြံ့ဖွံ့အသင်းမှ တောင်ကြီး-ရန်ကုန် ပြေးဆွဲနေသော ကားများကို သုံးစွဲလေသည်။ ဒီဇယ်ဆီများကို အလွန်အမင်း ထုတ်ယူပြီး အချို့ကို မှောင်ခို ထုတ်ရောင်းစားသည်။ ကားသမားများကို ဝေစု မပေးသဖြင့် ကားဆရာက ပညာပြတော့သည်။ စစ်ကိုင်း-မန္တလေးဘက်မှ ရွှေကျင်ဂိုဏ်းဝင် ဆရာတော်များကို သွားရောက် ကြိုဆိုသောအခါ ပြဿနာ တစုံတရာ မဖြစ်ခဲ့သော်လည်း စာရေးပြီး တိုင်ကြားရာတွင် လက်သံပြောင်သော ပဲခူး-ကြက်ခတ်ဝိုင်း ဆရာတော် အဖွဲ့နှင့် ပြဿနာ ပေါ်တော့သည်။
ဗိုလ်မျက်စောင်း အကြောင်းမရွေး
၁၉၉၉ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်၊ စာပြန်ပွဲတော်ကြီး ပြီးဆုံးသည့်နေ့ ဖြစ်သည်။ ထမင်းစား ဓမ္မာရုံပေါ်တွင် စစ်ယူနီဖောင်း ဝတ်ဆင်ထားသူများ အိနြေ္ဒ မရဘဲ အော်ဟစ် စားသောက် နေကြသောကြောင့် လူထုပရိသတ် များစွာမှာ စိတ်အနှောင့်အယှက် ဖြစ်နေရသည်။ အချို့မှာ ထမင်းပင် မစားသောက်တော့ဘဲ ပြင်ပ ထမင်းဆိုင်မှ ထမင်း ဝယ်ယူကာ ညောင်ရွှေ တိုဟူးသုပ်ဖြင့် ရေချောင်းဘေးတွင် စုဝေး စားသောက် နေကြသူများလည်း ရှိသည်။ အကြောင်းမှာ ဓမ္မာရုံပေါ်ရှိ ဗိုလ်မောင်အေး အဖွဲ့၊ ဗိုလ်မောင်ဘို အဖွဲ့ စစ်သားများနှင့် ကင်းကင်း နေလိုသောကြောင့် ဖြစ်သည်။
ထမင်းဝိုင်းမှ သမိုင်းတွင်မည့် ဖြစ်ရပ်နှစ်ခု ရှိခဲ့ပါသည်။ ဗိုလ်မောင်အေး အဖွဲ့မှ ဗိုလ်မှူးချုပ် ကျော်ဆန်း (နောင်အခါ ပြန်ကြားရေး ဝန်ကြီး) ဆိုသူသည် ညစ်ထေးထေး (ဝါကျင်ကျင်) လက်ဆေးရည်ခွက်ကို အင်းလေး-ပဲလုံး ဆေးခါးဟင်းရည်ခွက် ထင်၍ မှားသောက်မိခဲ့ပါသည်။ ထိုဖြစ်စဉ်ကို အနီးရှိ လွိုင်လင် တပ်နယ်မှူး၊ ဗိုလ်မှူးချုပ် ပြည့်စုံ (နောင်အခါ စီးပွား-ကူးသန်း ဝန်ကြီး) သိရှိသွား၍ မထိန်းနိုင်ဘဲ အော်ဟစ် ရယ်မော လိုက်သေးသည်။
ကွမ်းအလွန်စားသော ဗိုလ်မောင်ဘိုသည် ထမင်း စားပြီးသောအခါ အားပါးတရ လက်ဆေးရန် အတွက် ရေစင်သို့ ရောက်လာသည်။ လူပရိတ်သတ် များလွန်းသောကြောင့် ရွှေဝါဆပ်ပြာကို အပိုင်းပိုင်း တုံးတစ်ထားသောကြောင့် ဗိုလ်မောင်ဘို တယောက် နို့မလှိုင်လုံး ထင်မှတ်ကာ ချက်ချင်း ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။ လက်သုပ်ပုဝါ အသင့်ကိုင်ထားသော ကြံ့ဖွတ်-ဦးဉာဏ်လင်း တွေ့ရှိသွား၍ ဆပ်ပြာဖြစ်ကြောင်း ရှင်းပြရာ ဗိုလ်မောင်ဘိုက “အညှီအဟောက်တွေ များလွန်းတော့ လက်ဆေးရုံတင် မကဘူး၊ ငါက အူတွေပါ ဆေးတဲ့အနေနဲ့ ဆပ်ပြာကို မျိုချတယ်ကွ” ဟု ချော်လဲရောထိုင် စကားဖြင့် အရှက်ပြေ ပြောလိုက်သည်။
ဓမ္မာရုံကြီးတွင် ကန်ကြီး ဆရာတော်လည်းဖြစ် ရွှေကျင် သာသနာပိုင်လည်း ဖြစ်သော ဆရာတော်သည် တရားဟောကြား၍ ငါးပါးသီလ ပေးနေလေသည်။ ထူးခြားနေသည်မှာ ဓမ္မာရုံ၏ မှန်စီ ရွှေချထားသော တိုင်တိုင်းတွင် ဒါယကာဟောင်း စဝ်ရွှေသိုက်၏ ဓာတ်ပုံများကို ချိတ်ဆွဲ ထားသောကြောင့် ဗိုလ်မောင်အေး တယောက် ဘဝင်မကျ ဖြစ်နေသည်။ တရားနာကြားပြီး ရေစက်ချပြီးသော အခါ မျက်နှာရမည် အထင်ဖြင့် ဆရာတော်ထံ ချဉ်းကပ်ကာ မှိုရသည့် မျက်နှာဖြင့် “ဆရာတော်ဘုရား ပြီးပြည့်စုံတော်မူပြီး သဘော ကျတော်မူပါရဲ့လား” ဟု မေးမြန်း လျှောက်တင်တော်မူသည်။ ဆရာတော်က “အစစ အရာရာတိုင်း ပြီးပြည့်စုံပေမယ့် ဘုန်းကြီး မျှော်နေရှာတဲ့ ကြက်ခတ်ဝိုင်း ကိုယ်တော် ရောက်မလာတာတော့ စိတ်မကောင်းဘူး” ဟု ဖြေကြားလိုက်သည်။ လက်တဖက်မှလည်း ကြက်ခတ်ဝိုင်း ကိုယ်တော်၏ အတိုင်အတော ထူသည့်စာကို ဗိုလ်မောင်အေးကို လှမ်းပေးလိုက်သည်။ မျှော်လင့် ရည်မှန်းထားချက်များ ဖြစ်မလာ၍ ဗိုလ်မောင်အေး၏ နီရဲနေသော မျက်စောင်းသည် အနီးရှိ ချစ်ဇနီးချော ဒေါ်မြမြစန်း ကို ကျော်ကာ တိုင်းမှူး ဗိုလ်မောင်ဘို ထံသို့ စူးစိုက် ရောက်ရှိ သွားလေတော့သည်။
ရဟတ်ယာဉ် ပျံတက်ခါနီးချိန်တွင် မောင်အေး၏ ဒေါသသံ၊ ကြိမ်းမောင်းသံတို့သည် ရဟတ်ယာဉ် အသံနှင့်အတူ ဆူညံနေသည်။ ခန္ဓာကိုယ်ကို မတ်မတ် ကော့ထားရသော တိုင်းမှူးမောင်ဘို ကြက်သေသေကာ မှင်တက်စွာ နာခံနေရသည်။ ဆူပူသူက အရပ် ကလန်ကလား၊ လက်ညှိး တကားကားနှင့် ဖြစ်ပြီး နာခံနေရသူက ကြောင်တောင်တောင် မျက်နှာ၊ ပြူးကျယ်ကျယ် မျက်လုံးနှင့်မို့ လွန်စွာ လိုက်ဖက်သင့်လှသော မြင်ကွင်း ဖြစ်နေသည်။
နောက်ဆုံးရလဒ်
ညောင်ရွှေမှ တိုင်းမှူး မောင်ဘို ဦးဆောင်သော ကားတန်းကြီးသည် မိုင်ကုန် ဖွင့်မောင်းကာ တောင်ကြီးသို့ ချီတက် သွားလေသည်။ ရှမ်းပြည်နယ် အစည်းအဝေး ခန်းမရုံးတွင် ကားတန်းသည် ရပ်တန့်လိုက်ပြီး ဆပ်ကော်မတီ တာဝန်ခံများ တန်းစီရပ် နေယူလိုက်သည်။ တိုင်းမှူးကား ဝင်လာတော့ အားလုံး သတိဆွဲ၊ အသက်မရှူ ရဲလောက်အောင် ငြိမ်သက်နေရသည်။ တန်းစီနေရာ ယူထားကြသူများထဲတွင် ရှမ်းပြည်နယ် ဘော်လီဘော ဥက� ဌလည်းဖြစ်၊ လတ်တလော ညောင်ရွှေ စာပြန်ပွဲတွင် ကြိုဆို နေရာချထားရေး ဆပ်ကော်မတီ တာဝန်ခံလည်း ဖြစ်သော ပြည်နယ် လ-ဝ-က မှူးသည် အရပ် အမြင့်ဆုံး ဖြစ်သည်။ ဗိုလ်မောင်ဘို တယောက် ပါးစပ်မှ အမြုပ်တစီစီ ထွက်နေရင်း ကားပေါ်မှ ပြေးဆင်းလာကာ ပြည်နယ် လ-ဝ-က မှူး၏ မျက်နှာတည့်တည့်ကို လှမ်းထိုးလိုက်လေသည်။ လက်သီးချက်သည် တော်တော် ပြင်းပုံရသည်။ ဆောင်းထားသော လ-ဝ-က ဦးထုပ်ပင် မြေခ ကျသွားရှာသည်။
ကြံ့ဖွတ် အတွင်းရေးမှူး ဦးဉာဏ်လင်းက ကောက်ယူမည် လုပ်စဉ် “ဟို ... ခွေးမသားက ဘာလို့ လှမ်းကောက်တာလဲ။ မင်းပါ အဆစ်နာချင်လို့လား” နေ့ခင်းက ဆပ်ပြာခဲကို မလိုင်လုံး ထင်၍ ကောက်ယူ စားမိသောကြောင့် ဆပ်ပြာ တန်ခိုးပြကာ အမြုပ်များ ထွက်လာသည်ကို မြင်ရသူ အပေါင်းက တိုင်းမှူး မောင်ဘိုသည် စိတ်ကြီးလျှင် ဝက်ရူးပျံရောဂါ ထတတ်သည်ဟု ပြောစမှတ် တွင်သွားလေသည်။
မမေ့နိုင်သောအရာများမှာ
ကြက်ခတ်ဝိုင်း ဆရာတော်၏ စာမြင်တိုင်း ဗိုလ်မောင်အေးသည် ဒေါသထွက်ကာ ပျံလွန်တော်မူရှာပြီ ဖြစ်သော ညောင်ရွှေ ကန်ကြီး ဆရာတော် ဘဒ္ဒန္တဝိမလ၏ သာဓု အနုမောဒနာကို သတိရလျက် ရှိသည်။ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ မျက်စောင်းကို မြင်ယောင်မိတိုင်း ဒု-ဗိုလ်ချုပ်ကြီး မောင်ဘိုသည် ဒေါသထွက်ကာ သတိဆွဲ၊ ငြိမ်သက်စွာ ရပ်တန့်နေခြင်းကို သတိရနေသည်။ ပင်စင် ယူသွားရှာပြီ ဖြစ်သော ရှမ်းပြည်နယ် လူဝင်မှု ကြီးကြပ်ရေး (လ-ဝ-က) မှူးသည် ဟောင်းလောင်း ဖြစ်နေသော သွားနှင့် ဒီဇယ် ပီပါများကို မြင်ယောင်မိတိုင်း ကရင်၊ မွန်၊ တနင်္သာရီဒေသ စစ်တိုင်းမှူးကြီး မောင်ဘို ကို ကျိန်ဆဲ နေတတ်လေသတည်း။
မင်းလွင် (ရှမ်းပြည်)