Friday, October 5, 2007

ဘုန်းကြီးကျောင်းများကို စစ်တပ်က ၀င်ရောက်စီးနင်းမှုများ ဆက်လက်ပြုလုပ်နေ

ဧရာဝတီ | အောက်တိုဘာ ၄၊ ၂၀၀၇

စစ်အစိုးရ စစ်သားများက ယမန်နေ့ညနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်းကို
ဝင်ရောက်စီးနင်း၍ သံဃာတော် ၃၆ ပါး ခန့်ကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရသည်။

စစ်သားများက တောင်ဥက္ကလာပ မြို့နယ်ရှိ ရွှေတောင်ပေါ်ကျောင်း၊ ဓမ္မဇေယျကျောင်း၊ ဇဋိလ ရာမ ကျောင်းနှင့် မြောက် ဥက္ကလာပရှိ ဇေယျဝတီကျောင်းနှင့် ပဏ္ဏိတရာမ ကျောင်းတိုက်များသို့ ၀င်ရောက်စီးနင်းပြီး လက်ကိုင်ဖုန်း ၂လုံးကိုလည်း သိမ်းသွားသည်ဟု ရန်ကုန်မြို့ရှိ သံဃာတော်တပါးကပြောသည်။

“အဲဒီလာတဲ့ စစ်သားတွေက သူတို့မှာပါလာတဲ့ စာရင်းနဲ့တိုက်ပြီး ဘုန်းကြီးတွေကိုရှာတယ်”ဟု ယင်း သံဃာတော် က
ဧရာဝတီသို့ ပြောသည်။

ဤကဲ့သို့ ဖမ်းဆီးစဉ် စစ်သားများ၏ လက်ထဲတွင် ဓာတ်ပုံများ၊ သံဃာတော်များ၏ ဘွဲ့အမည်များပါရှိလာပြီး ကျောင်း တကျောင်းမှ သံဃာတဦး ဆန္ဒထွက်ပြလျင်လည်း ထိုကျောင်းကို ၀င်သိမ်းသည်ဟု ၎င်းကပြောပြသည်။

မြောက်ဥက္ကလာရှိ ကျောင်းများကို ည ၁၀ နာရီခန့်မှ စတင်ဝင်ရောက် စီးနင်းရှာဖွေရာ နံနက် စောစောကျမှ ပြီးသည်ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ မနီလာသိန်းကပြောသည်။

“ဘုန်းကြီးတွေက အကြမ်းဖက်မရိုက်နှက်ဖို့ အမျိုးမျိုးတောင်းပန်တာကို လုံးဝဂရုမစိုက်ဘူး”ဟုလည်း ၎င်းက ပြောသည်။

တောင်ဥက္ကလာပရှိ ကျောင်းများကိုလည်း ညလယ်ပိုင်းမှ မနက်အထိစီးနင်းရှာဖွေဖမ်းဆီးကြောင်း၊ ရွှေတောင်ပေါ် ကျောင်းတွင် နို့တိုက်အရွယ် ကလေးအပါအ၀င် လာတည်းနေသည့် ဧည့်သည်အားလုံးကိုလည်း ဖမ်းသွား ကြောင်း ၎င်းက ဆိုသည်။

ခြောက်ထပ်ကြီး ကျောင်းကိုလည်း စစ်သားများက သံဃာတချို့ကို ၀င်ရောက်ရှာဖွေသည်ဟု သိရသည်။

ယနေ့ နံနက်တွင် စစ်တပ်က သင်္ကန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ဘုန်းကြီးကျောင်းတိုက်သို့ဝင်ပြီး အိတ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ်
ဝေဒနာရှင်များကို အာဏာပိုင်များက ဓာတ်ပုံများရိုက်ယူ ၍ ကျောင်းအနီးတွင် စစ်တပ်က လုံခြုံရေးချထားပြီး စောင့်ကြည့် နေကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုထွန်းမြင့်အောင်က ပြောသည်။

“ဒီမနက် မဂ္ဂင်ကျောင်းကို ၀င်ပြီးလူနာတွေကို တဦးချင်းစီ ဓာတ်ပုံရိုက်တယ်၊ လူနာတွေက ပြည်ပ မီဒီယာနဲ့ အင်တာဗျူး ပေးတာကိုမကျေနပ်လို့ထင်တယ်၊ ပြီးတော့ စစ်တပ်ကကျောင်းနားမှာ လုံခြုံရေးချပြီးစောင်ကြည့်နေ တယ်” ဟု၎င်းက ပြောဆိုသည်။

စစ်တပ်က တချို့ အရေးမကြီးသူများကို လူ တဦး ကျပ် ၂ သိန်းယူ၍ ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးခဲ့သည်များ ရှိသောကြောင့် ပြန်ပေးဆွဲသည့် ပုံစံကဲ့သို့ဖြစ်နေသည်ဟုလည်း ၎င်းကဆိုသည်။

စက်တင်ဘာ ၂၆ ရက် ညက စတင်၍ စစ်သားများက ဘုန်းကြီးကျောင်းများသို့ ၀င်ရောက် စီးနင်းဖမ်းဆီးမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“အင်းစိန် စက်လက်မှုကျောင်းထဲမှာ အဖမ်းခံထားရတဲ့ ဘုန်းကြီးတချို့သေတယ်လို့ကြားရတယ်”ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

ဆန္ဒပြ သံဃာများကို ဆွမ်းကွမ်း အစာရေစာ ကပ်လှူသူများကိုလည်း စစ်သားများက ရှာဖွေဖမ်းဆီးမှုများရှိသည်။

ယမန်နေ့ညကပင် ဖမ်းဆီးခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ နေအိမ်ကိုလည်း စစ်သားများက ၀င်ရောက်စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

မကွေးတိုင်း တောင်တွင်းကြီးမြို့က အန်အယ်လ်ဒီ အဖွဲ့ဝင်များဖြစ်သော ကိုအောင်ကို၊ ကိုကျော်နိုင်နှင့် ဦးဘိုနီ တို့ ၃ ဦး ကိုလည်း အာဏာပိုင်များက ည က ၁၂ နာရီခွဲတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ရန်ကုန်မြို့တွင် စစ်တပ်က လုံခြုံရေးတင်းကျပ်ထားပြီး အရပ်သားများကိုလည်း ရှာဖွေ စစ်ဆေးမှုများပြုလုပ် နေကြောင်း၊ အထူးသဖြင့် လူငယ်များဆိုလျင် ခရီးဆောင်အိတ်များပါမကျန် လှန်လှော ရှာဖွေသည်ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

ဆန္ဒပြပွဲတွင် သံဃာ အပါး ၁၂၀၀ နှင့် ပြည်သူလူထု ၃၀၀၀ ခန့်ဖမ်းဆီး ထိန်းသိမ်းခံရသည်ဟုလည်း ၎င်းက ပြော ဆိုသည်။

လတ်တလော ဖမ်းဆီးထားသည့် သံဃာများအား အင်းစိန်ထောင်အပါအ၀င် အင်းစိန် စက်လက်မှု သိပ္ပံကျောင်း ၊ ကျက္ကဆံ စစ်ကြောရေးစခန်းများတွင် ထိန်းသိမ်းထားပြီး ကျန်ရှိသံဃာများသည် ကျောင်းပြင်ပသို့ ထွက်ခွင့်မရရှိ သောကြောင့် ဆွမ်းကွမ်း အခက်အခဲဖြစ်နေကြသည်ဟု ရန်ကုန်မြို့ခံကပြောသည်။