Thursday, September 20, 2007

မေတ္တာတရား၏ လမ်းမထက်ဝယ်

Irrawaddy
ကြည်ဝေ | စက်တင်ဘာ ၂၀၊ ၂၀၀၇

မိုးမှုန်မိုးမွှားလေးတွေအောက်မှာ အမိုးအကာမပါဘဲ မေတ္တာသုတ်ရွတ်ရင်း စီတန်းပြီးလျှောက်လာတဲ့ သံဃာတော်တွေကို ငေးကြည့်ရင်း သူမစိတ်ထဲ အလိုလို အားတက် ကြည်နူးလာမိတယ်။

အပါး ၂၀၀ ကျော်လောက်ရှိတဲ့ သံဃာတော်တွေရဲ့ မေတ္တာ သုတ်ကို ရွတ်ဖတ်သံတွေဟာ မင်္ဂလာဈေးရှေ့က လမ်းမ ကျယ်ကြီးတခုလုံးကို ဖုံးလွှမ်းသွားတယ်။ လူသံ၊ ကားသံ တွေနဲ့ ဆူညံနေတဲ့ အသံတွေအားလုံး တိခနဲ ရပ်သွားပြီး သံဃာတော်တွေရဲ့ မေတ္တာသုတ်ရွက်သံတွေကပဲ လွှမ်းခြုံ နေတယ်။

သံဃာတော်တွေနောက်က လိုက်လာတဲ့လူတွေကလည်း အများကြီးပဲ။ အဲဒီလူတွေကလည်း တိတ်တိတ် ဆိတ်ဆိတ် နဲ့ပါ။ နှစ်ယောက်တတွဲ၊ သုံးယောက်တတွဲနှုန်းနဲ့ လိုက်ပါလာ ကြတာ သူမ အမြင်မှာတော့ အယောက် ၈၀၀ ၀န်းကျင် လောက်ရှိတယ်။ လူတွေဟာ ရပ်ထားတဲ့ ကားတွေကြား ထဲကနေ၊ ဆိုင်ကယ်တွေ ဘေးနားကနေ လျှောက်လာကြတာ ဈေးရှေ့လမ်းမကြီး တခုလုံးကို ဖုံးသွားတာပဲ။

လူအုပ်ကို ငေးကြည့်ရင်း သူမရင်တွေ တဖျပ်ဖျပ်ခုန်လာတယ်။ သူမ ရှေ့နားက အမျိုးသားသုံးဦး လူအုပ်ထဲဝင်သွားပြီး ဆက်လိုက်သွားကြတာ တွေ့ရတယ်။ သူမရှေ့မှာပဲ သူမဘေးနား ရှေ့နား နောက်နားကနေ ရပ်ကြည့်နေကြတဲ့ သူတွေထဲက တချို့ဟာ လူအုပ်ကြီးထဲကိုဝင်ပြီး လူအုပ်နဲ့အတူ လမ်းဆင်းလျှောက်တာ တွေ့ရတော့ သူမ စိတ်ထဲ အမျိုးမမည်မသိတဲ့ ခံစားမှုတမျိုး ၀င်လာခဲ့တယ်။

နောက်တော့ ရောင်းလက်စ ဖရဲသီးဗန်းကို ဘေးက ကွမ်းယာဆိုင်ဆီမှာ အပ်လိုက်ပြီး သူမလည်း လူအုပ် နောက် ကနေ လိုက်လာခဲ့တော့တယ် လို့ မင်္ဂလာဈေးရှေ့ ကနေ ထွက်လိုက်လာခဲ့တဲ့ ဖရဲသီးရောင်းတဲ့ အသက် ၂၁ နှစ် အရွယ် အမျိုးသမီးလေးကပြောပြခဲ့တာဖြစ်ပါတယ်။

“ဘုရားစာတွေရွတ်ပြီး ညီညီညာညာနဲ့ ကြွလာကြတဲ့ သံဃာတော်တွေကို မြင်လိုက်ရတော့ အရမ်းကြည်ညို စိတ်ဖြစ်ရတယ်။ နောက်က လူအုပ်ကြီးကိုတွေ့ရတော့ ကျမ စိတ်ထဲမှာပိုပြီး တက်ကြွသွားတယ်၊ ဒီလူတွေက သံဃာတော်တွေကို အားပေး ချင်တဲ့ သူတွေပဲပေါ့၊ ထွက်လိုက်ကြတဲ့ သူတွေကိုပါ တွေ့ရတော့ ကျမလည်း မနေနိုင်တော့ဘူး ဈေးဗန်းထားခဲ့ပြီး လိုက်လာ တော့တာပဲ” လို့ သူမက ပြောပြပါတယ်။

အဆိုပါ သံဃာတော်အပါး ၂၀၀ ကျော်ဟာ ဗဟန်းမြို့နယ် ရေတာရှည်လမ်းအနီးကနေ နေ့ခင်း ၁နာရီကျော် ၂ နာရီ
ဝန်းကျင်မှာ စတင်ထွက်လာခဲ့ခြင်းဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပြပါတယ်။

သံဃာတော်တွေဟာ ရွှေဂုံတိုင်လမ်းတလျှောက်လုံး မေတ္တာသုတ်တလှည့် မောရသုတ်တလှည့် ရွတ်ဆိုရင်း ထွက်လာ ခဲ့ကြတာပါ။ ငါးထပ်ကြီး ခြောက်ထပ်ကြီး ဘုရားနားရောက်တော့ သံဃာတော်တွေနောက်မှာ လိုက်ပါလာတဲ့ လူထုဟာ အယောက် ၂၀၀ ၀န်းကျင်လောက်ရှိပါပြီ။

“သံဃာတော်တွေအများစုက အသက် ၂၀ ၀န်းကျင်အရွယ် ရဟန်းပျိုတွေဆိုတော့ မြင်ရတဲ့သူတိုင်း ကြည်နူး စိတ်နဲ့
ဝမ်းသာဝမ်းနည်းစိတ်တွေ ၀င်လာကြတယ်၊ တက်ကြွလာ ကြတယ်” လို့ ခြောက်ထပ်ကြီးဘုရား အနီး ကနေ လိုက်ပါလာခဲ့သူ တဦးက သူ့အမြင်ကိုပြောပြပါတယ်။

တာမွေ ဈေးရှေ့နားရောက်တော့ စစ်အစိုးရက ကြိုတင် ချောဆွဲထားတဲ့ ဒိုင်နာကားတွေရပ်ထားတာ တွေ့ရတယ်လို့ စထွက်ကတည်းက ပါလာသူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတယောက်ကပြောပါတယ်။

“ဒိုင်နာကား ငါးစီးက မှတ်တိုင်အကျော်နားမှာ ရပ်ထားတယ်၊ ကားပေါ်မှာလည်း ကြံ့ဖွံ့လားဘာလား မသိတဲ့ အရပ်ဝတ်နဲ့လူ ၈ ယောက်စီလောက်ပါတယ်၊ သူတို့ ရပ်ပြီး အသင့်စောင့်နေ တာမှန်းသိသာတယ်”လို့ သူက ဆိုပါတယ်။

စစ်အစိုးရအနေနဲ့သံဃာတော်တွေနောက်ကလိုက်ပါသူတွေကို အခွင့်ရရင်ဝင်ဆွဲပြီးကားပေါ်တင်ဖို့ကြိုတင် ကြံစည်ခဲ့တာ ဖြစ်ပါတယ်။ မနေ့တုန်းကလည်း ဒိုင်နာကား ၁၁ စီးကိုကြိုတင်ချောဆွဲထားခဲ့တယ်လို့ သိရပါ တယ်။ အဆိုပါကား တွေပေါ်မှာ လူ ၇ ဦးခန့်တင်ဆောင်ပြီး သံဃာတော်တွေသွားရာလမ်းတလျှောက် နောက်ပါ လူအုပ် နဲ့မနီးမဝေးကနေ လိုက်ပါစေခဲ့တယ်လို့ ကားချောဆွဲခြင်းခံရသူ အမှတ် ၉၇ လိုင်း ယာဉ်မောင်းတဦးက ပြောပြပါ တယ်။

“ကားကို မနက်ကတည်းက မြို့တော်ခန်းမ ရှေ့မှာ ရပ်ထားပြီး အဆင်သင့်စောင့်နေရတာ၊ နေ့ခင်းမှာစပြီး သံဃာတော် တွေနောက်က တနေကုန်လိုက်ရတယ်၊ ညနေ ၆ နာရီမှ ပြန်ခိုင်းတယ်၊ တနေကုန်စောင့်တဲ့အတွက် ငွေတသောင်းပဲ ပေးတယ်”လို့ အဆိုပါ ၉၇ ယာဉ်မောင်းက ဆိုပါတယ်။

ချောဆွဲထားတဲ့ ကားတွေဟာ မကြာခဏဆိုသလိုပဲ လူအုပ်တွေကြားထဲ ဖြတ်ဖြတ်မောင်းပြီး လူစုကွဲအောင်လုပ်တာ သိသာတယ်လို့ လမ်းတလျှောက်လုံး လိုက်ပါခဲ့သူ သတင်းထောက်တဦးက ပြောပါတယ်။

ပြည်တွင်းပြည်ပသတင်းထောက်တွေအနေနဲ့ မနေ့ကအခြေအနေထက်ပိုပြီး လွတ်လပ်စွာ ဓာတ်ပုံရိုက်ခွင့်၊ မေးမြန်းခွင့်များ ရနေပါတယ်။ မနေ့က ဓာတ်ပုံရိုက်တဲ့အတွက် ကင်မရာအသိမ်းခံရတာ၊ မယ်မိုရီစတစ်အသိမ်း ခံရတာတွေနဲ့ ဓာတ်ပုံရိုက်တာ တို့ကို တားမြစ်ပိတ်ပင်တာတွေရှိပေမယ့် ဒီနေ့တော့ မရှိဘူးလို့ လမ်းလျှောက်ရာတွင် အစအဆုံး ပါဝင်ခဲ့သူ အထက်ပါ သတင်းထောက်က ပြောပြပါတယ်။

လူအုပ်နဲ့အတူ အရပ်ဝတ်ရဲတွေနဲ့ ကြံ့ဖွံ့များရောပါလာပေမယ့် သူတို့အနေနဲ့ တစုံတရာဟန့်တားနှောင့်ယှက်ခြင်း မပြုဘူးလို့ သိရပါတယ်။ သံဃာတော်တွေနောက်က လိုက်ပါလာသူအများစုဟာ အမျိုးသားများ ဖြစ်ပေမယ့်အမျိုးသမီး များလည်း ပါဝင်တာကိုတွေ့မြင်ရပါတယ်။ အမျိုးသားတွေကတော့ အသက် ၁၅ နှစ် ကျော်က နေ ၅၀ ကျော်အရွယ်တွေထိ ပါဝင်ခဲံကြပြီး အမျိုးသမီး အများစုကတော့ အသက်၂၀ ၀န်းကျင်အရွယ် ကနေ အသက် ၄၀ ၀န်းကျင်အရွယ်တွေကို တွေ့မြင်ရပါတယ်။

သံဃာတော်များဟာ မင်္ဂလာဈေးကနေ ဒေါ်သိန်းတင်လမ်းကိုဖြတ်ပြီး အလံပြဘုရားလမ်းကနေတဆင့်ကမ္ဘာအေး ဘုရားလမ်းပေါ်တက်ခဲ့ခြင်းဖြစ်ပါတယ်။ ကမ္ဘာအေးဘုရားလမ်းပေါ်ရောက်တော့ နောက်ကလူထုက ၁၀၀၀ ၀န်းကျင် ခန့်ရှိနေပြီဖြစ်ပါတယ်။ အချိန်ကလည်း ၃ နာရီ ကျော်နေပါပြီ။

လမ်းတလျှောက်လုံး တဖွဲဖွဲလိုက်ပါလာတဲ့ လူစုဟာ သမတရုပ်ရှင်ရုံရှေ့နားမှာ မော်တော်ပီကယ်တွေက ကားတွေကို တရစပ် ဆက်မောင်းခိုင်းပြီး လမ်းဆုံလမ်းခွလိုနေရာမျိုးတွေမှာ သံဃာတွေနဲ့လူထုကို လူစုကွဲအောင် လုပ်နေကြတာကိုလည်း တွေ့မြင်ရပါတယ်။ ဒါပေမယ့် လူထုဟာ သံဃာတော်တွေရဲ့ နောက်နား၊ ဘေးဘက် တွေကနေ ထက်ကြပ်မကွာလိုက်ပါ နိုင်ခဲ့ကြပါတယ်။

“ဆူးလေမီးပွိုင့်နားရောက်တော့ သံဃာတော်တွေလည်း မီးပွိုင့်ကူးပြီးရော မီးကို ချက်ချင်းစိမ်းပစ်လိုက်ပြီး ကားတွေကို တရစပ်မောင်းထွက်စေတော့တာပဲ၊ လူတွေကလည်းကားတွေကြားထဲကနေ ဇွတ်ဖြတ်ပြီးတော့ကို ဟိုဘက်လမ်း ရောက်အောင် ကူးကြတာ” လို့ ဆူးလေမီးပွိုင့်အနီးကဓာတ်ပုံဆိုင်ရှေ့ကနေထွက်ကြည့်သူ တဦးက သူမြင်တွေ့ရသမျှကို ပြောပြပါတယ်။

သံဃာတော်တွေ ဆူးလေဘုရားနားအရောက် လမ်းဘေး တဘက်တချက်ဆီမှာရောလမ်းမတွေပေါ်မှာပါ လူတွေက ပြည့်နေပါပြီ။ ဘယ်လောက်ရှိတယ်ဆိုတာကို ခန့်မှန်းရ ခက်လောက်အောင်များပြားလှပါတယ်။ ဘယ်ကိုကြည့် လိုက်ကြည့်လိုက် လူတွေချည်းပဲ မြင်တွေ့နေရပါတယ်။

သံဃာတော်တွေ ဆူးလေဘုရားပေါ်တက်အပြီးမှာ လူတွေ လိုက်တက်ခွင့်မရအောင် တံခါးကိုပိတ်ပစ်လိုက်တဲ့အတွက် လူတွေဟာ သံတံခါးတွေကို ဆုပ်ကိုင်ပြီး တံခါးဖွင့်ပေးဖို့ တောင်းဆိုကြပါတယ်။

တမိနစ်လောက်အကြာမှာ သံဃာတပါးဆင်းလာပြီး တံခါးဖွင့် ခိုင်းပြီး လူတွေကိုပါ ၀င်ခွင့်ပြုဖို့ မှာကြားပါတယ်။ သံတံခါးပွင့်သွားတဲ့အခါ လူ ၂၀၀ ၀န်းကျင်လောက် ဘုရားပေါ်တက်သွား ကြပြီး ကျန်လူအများအပြားကတော့ ဘုရားပတ်ပတ်လည်မှာ ရပ်စောင့်နေခဲ့ကြပါတယ်။

ဆူးလေဘုရားပတ်ပတ်လည်မှာ လမ်းတွေပေါ်မှာ သံဃာတော်တွေကို တိတ်ဆိတ်ငြိမ်သက်စွာစောင့်နေကြတဲ့ သူတွေ အများအပြားရှိနေပါတယ်။ အဲဒီလူတွေကို မြို့တော်ခန်းမ အပေါ်ကနေ ဗီဒီယိုကင်မရာနဲ့ရော ဓာတ်ပုံခိုးရိုက်နေတဲ့
အရပ်ဝတ်ပုဂ္ဂိုလ်တွေလည်း ရှိနေပါတယ်။

“မနေ့ကအထိ သူတို့က ပေါ်တင်ဓာတ်ပုံရိုက်ကြတယ်၊ ဒီနေ့တော့ သူတို့လည်း ပေါ်တင်ဓာတ်ပုံမရိုက်ရဲကြဘူး ထင်တယ်၊ ခိုးရိုက်ကြတာပဲတွေ့နေရတယ်”လို့ သံဃာတွေ ပြန်ဆင်းအလာကို စောင့်နေတဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတဦးက ပြောပြပါတယ်။

ဆူးလေဘုရားပေါ်မှာ ဦးဆောင်လာတဲ့သံဃာတပါးက အေးဆေးငြိမ်သက်စွာနဲ့ ခုလို ဆန္ဒပြသပိတ်မှောက်ရခြင်း အကြောင်း တရားဟောပြီး ဒီနေရာကနေပဲ လူစုခွဲတော့မယ့် အကြောင်း မိန့်ပါတယ်။

ညနေ ၄နာရီမှာ သံဃာတွေကို စောင့်နေကြတဲ့ လူတွေဟာ သံဃာတွေ ပြန်ဆင်းလာတာကို မြင်တွေ့ရတာနဲ့ တပြိုင်နက် လက်ခုပ်လက်ဝါးတီးပြီး အားပေးကြပါတယ်။

ဆူးလေဘုရားပေါ်ကဆင်းပြီး ဆူးလေမှတ်တိုင်မှာပဲ စပြီးကိုယ်တော်တွေ လမ်းခွဲကြတာတွေ့ရပါတယ်။ ကိုယ်တော် တချို့ ကမ္ဘာအေးဘုရားလမ်းဘက်သွားတဲ့ လိုင်းကားတွေပေါ်တက်သွားပြီး တချို့ကတော့ သိမ်ဖြူလမ်းဘက်၊ တချို့ကလည်း ပန်းဆိုးတန်းဘက် ဆက်သွားတာတွေ့မြင်ရပါတယ်။

သံဃာတော်တွေထွက်သွားတဲ့နောက် လူအုပ်ကြီးကလည်း တဖြည်းဖြည်းနဲ့ လူစုကွဲသွားခဲ့တယ်။ ဆူးလေဘုရား လမ်းဘေး တဘက်တချက်စီကနေ ထွက်ကြည့်ကြတဲ့ လူတွေကလည်း သက်ဆိုင်ရာ အခန်းအသီးသီးထဲ ပြန်ဝင် သွားကြတော့တယ်။ ညနေ ၄ နာရီကျော်ပြီဖြစ်တဲ့အတွက် ရုံးဆင်းဖို့ ကိုယ့်အလုပ်ကိုယ်ပြန်သွားတဲ့ သူတွေလည်း လမ်းမတွေပေါ်မှာ ပြန့်ကျဲနေပါတော့တယ်။