Wednesday, September 26, 2007

သာသနာရေးဝန်ကြီးအပေါ် သံဃာများမကျေနပ်

Irrawaddy
ကိုစိုး | စက်တင်ဘာ ၂၅၊ ၂၀၀၇

လတ်တလော ဆန္ဒပြနေသော သံဃာတော်များအပေါ် ဓမ္မစက်ဖြင့်ဆောင်ရွက်ခြင်းကို မလိုက်နာပါက ဥပဒေအရ အရေးယူ မည်ဟူသော သာသနာရေးဝန်ကြီး ဗိုလ်မှူးချုပ် သူရမြင့်မောင်၏ လျှောက်ထားချက်ကို သံဃာထုများ အတွင်း မကျေမနပ်ဖြစ် နေကြောင်း သိရသည်။

ယမန်နေ့က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သို့ သာသနာရေးဝန်ကြီး၏ လျှောက်ထားချက်နှင့် ထုတ်ပြန် ကြေညာ ချက်များကို သံဃာထုများအတွင်း မကျေမနပ် ဖြစ်နေကြသည်ဟု ပခုက္ကူမြို့ မဟာဝိဇယာရာမ (အရှေ့တိုက်)မှ သံဃာတော်တပါးက ပြောသည်။

“သံဃာတွေကြားမှာ ၀န်ကြီးက မဟုတ်တာတွေ ပြောတယ်ဆိုပြီး မကျေမနပ်ဖြစ်နေကြတယ်”ဟု ၎င်းက ပြော သည်။

ယနေ့ နေ့လယ်ပိုင်း ဆွမ်းစားပြီးချိန်တွင် ညွှန်ကြားချက်အရ ဆိုကာ ကျောင်းထိုင်ဆရာတော်များက အဆိုပါ သာသနာရေး
ဝန်ကြီး၏ လျှောက်ထားချက်နှင့် ထုတ်ပြန်ကြေညာချက်များကို ဖတ်ပြပြီး စာရွက်များကို သံဃာများ အား ဝေငှသည် ဟုလည်း ပခုက္ကူအရှေ့တိုက် သံဃာတော်က ပြောသည်။

မြင်းခြံမြို့ကိုးဆောင်တိုက် ဆရာတော်ကလည်း“ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ သံဃာတွေကို ဆက်လက်ပြီး အကြမ်းဖက် မယ်ဆိုရင်တော့ ပိုဆိုးလာလိမ့်မယ်လို့ ထင်တယ်၊ ပြီးတော့ ကိုယ့်ဘာသာဝင်တွေကို ဒီလိုပြုလုပ်တာတွေဟာ ကမ္ဘာ့အလယ်မှာလည်း အင်မတန် ရှက်ဖို့ ကောင်းပါ တယ်”ဟု ပြောသည်။

သာသနာရေး ၀န်ကြီးက လျှောက်ထားရာတွင် မနာလိုမရှုဆိတ်သော အဖျက်သမားများက အစိုးရ၏ဆောင်ရွက် ချက်များကို ပျက်ဆီးစေရန် နည်းမျိုးစုံဖြင့် သံဃာတော်များသို့ သွေးထိုးခြင်းဖြစ်ပြီး လမ်းပေါ်ထွက်လာသော သံဃာများမှာ ၂ ရာနှုန်းမျှပင်မရှိ၊ သာသနာတော် ညှိုးနွမ်းမည့် အန္တရာယ်ရှိကြောင်း၊ ထို့ကြောင့် ဆရာတော်ကြီး များက လမ်းညွှန်
သြ၀ါဒပေးစေလိုကြောင်း စသည်ဖြင့် ယနေ့ထုတ် အစိုးရသတင်းစာများတွင် ပါရှိသည်။

သတင်းစာတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ စက်တင်ဘာ ၂၄ ရက် နေ့စွဲဖြင့်ထုတ်ပြန်သည့် ညွှန်ကြားလွှာ အသစ် အမှတ် (၉၃) နှင့် ယခင် ထုန်ပြန်ထားသော ညွှန်ကြားလွှာ အမှတ် (၈၁) ၊ (၈၃) ၊ (၈၅) နှင့် (၆၅) တို့ကိုလည်း ဖော်ပြထားသည်။

ယနေ့နံနက်ပိုင်းကစတင်၍ ရန်ကုန်မြို့တွင်း၌ စစ်ကားများနှင့်လှည့်လည်ကာ ဆန္ဒပြရာတွင်ပါဝင်အားပေး သူများကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အာဏာပိုင်များက လော်စပီကာများဖြင့် သတိပေးပြောကြားသည်။

ပခုက္ကူမြို့မှ ဆရာတော် တပါးကမူ ပြည်သူများအတွက်သာမက အစိုးရအပါအ၀င် အားလုံးကျန်းမာချမ်းသာရန်၊ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သည့် နိုင်ငံ တနိုင်ငံဖြစ်လာရန်အတွက် သံဃာများကဆောင်ရွက်နေခြင်းဖြစ်သော ကြောင့် နောက်ဆုတ်မည်မဟုတ်ဟု ပြောသည်။

“ဒီမှာ လုပ်ကြတဲ့ သံဃာတွေကတော့ ကိုယ်ကျိုးအတွက်လုပ်ကြတာ မဟုတ် ဘူး၊ တိုင်းပြည်အတွက် လုပ်ကြတာပဲ၊ ဒါပေမယ့် သူတို့ ပုံစံတွေက အသက်တောင် စတေးမယ့် ပုံစံတွေပဲ” ဟုလည်း ၎င်းက ပြောသည်။

လွန်ခဲ့သော တနင်္ဂနွေနေ့က ပခုက္ကူ မြို့ပေါ်ရှိကျောင်းတိုက် အသီးသီးမှ ကိုယ်စားပြု သံဃာတော်များသည် စည်းဝေးပွဲပြု လုပ်၍ ဆုံးဖြတ်ချက် ၂ ခု ချမှတ်ပြီး ရှေ့လုပ်ငန်းစဉ် အစီအစဉ်များကို ဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် နအဖ အစိုးရက ပခုက္ကူမြို့နေသံဃာတော်များကို စက်တင်ဘာ ၅ ရက်နေ့က ဖြစ်ပွား ခဲ့သည့် ဖြစ်ရပ်အတွက် ၀န်ချတောင်းပန်ကြောင်း နိုင်ငံပိုင် သတင်းစာ၊ မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့အသံ စသော သတင်းဌာနများမှ တရားဝင်ကြေညာပေးစေရန် ဆက်လက်ပြီးတန်းစီလမ်းလျှောက် ငြိမ်းချမ်းစွာ မေတ္တာပို့ ကြရန် နှင့် နအဖ အစိုးရက ထိုသို့တောင်းပန်စကား လျှောက်ထားကျေအေးစေပြီး သွေးမြေမကျအရပ်သားအစိုးရထံ အာဏာ လွှဲပြောင်းပေးသည်အထိ သဘောထားကြီးမားစွာဖြေရှင်းပေးခဲ့လျှင် နအဖ အစိုးရ၏ နောင်အေးချမ်း စွာ နေထိုင်နိုင်ခွင့်ရရေးအတွက် ပခုက္ကူမြို့ရှိ သံဃာ့တပ်ပေါင်းစုသံဃာတော်တို့က မေတ္တာတုန့်ပြန်သော အားဖြင့် အသက်ပေး ကာကွယ်ပေးကြရန် အားလုံး သဘောတူ ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

နေ့လယ် ၁၂ နာရီမှ ၃ နာရီ အထိ ပခုက္ကူမြို့ လုံခြုံစိတ်ချရသည့်နေရာတွင် ပြုလုပ်သော အဆိုပါစည်းဝေးပွဲသို့ ပခုက္ကူမြို့ရှိ အဓိက စာသင်တိုက်ကြီး လေးတိုက်နှင့် အရန်ကျောင်းတိုက်များက ကိုယ်စားပြု သံဃာတော် ၁၅ ပါးခန့် က တက်ရောက်သည်။

စက်တင်ဘာ ၅ ရက်နေ့က ပခုက္ကူမြို့ရှိ သံဃာအပါး ၅၀၀ ခန့် မေတ္တာပို့ ရွတ်ဆိုရင်း လမ်းလျှောက် ဆန္ဒပြကြရာ စစ်တပ်က သေနတ် ၁၀ ချက်ခန့်ပစ်ဖောက်ပြီး အာဏာပိုင်များနှင့် ကြံ့ဖွံ့၊ စွမ်းအားရှင်များက ယင်းဆန္ဒပြ သံဃာ များအား ရိုက်နှက် ဖမ်းဆီးခဲ့သည်။ ထိုသို့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုကြောင့် သံဃာ ၁၀ပါးခန့် ဖမ်းဆီးခံရပြီး သံဃာတချို့ ပြင်းထန်စွာ ဒဏ်ရာရကာ သံဃာတော် တပါး ရိုက်နှက်ခံရသည့် ဒဏ်ရာဖြင့် ဆေးရုံ တင်ခဲ့ရသည်။